လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား

 ၁၈၈၅ ခုနှစ်၌ ကိုလိုနီဘဝသို့ ကျရောက်ပြီးနောက် မြန်မာတို့အား စစ်မှုရေးရာအရပ်ရပ်နှင့် အဆက်ပြတ်တောက်နေစေရန် ဗြိတိသျှကိုလိုနီအစိုးရက စနစ်တကျဖြတ်တောက်ထားခဲ့သည်။ ကိုလိုနီအုပ်ချုပ်ရေးအောက်တွင် ပြည်မမြေပြန့်ဒေသမှ မွန်၊ ဗမာနှင့် ရခိုင်လူမျိုးများကို နယ်စပ်တောင်တန်းဒေသများသို့ပင် ခရီးသွားလာခွင့်မပေးဘဲ ပိတ်ပင်တားမြစ်ထားခဲ့သည်။

 ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဘီအိုင်အေ

အရှေ့ဖျားဒေသ စစ်မျက်နှာတွင် ဂျပန်နိပွန်အင်ပါယာက နာဇီဖက်ဆစ်ဝင်ရိုးတန်းသို့ ပူးပေါင်းကာ စစ်ပွဲအတွင်းသို့ ဝင်ရောက်လာပြီးနောက် သခင်အောင်ဆန်း၊ ဗိုလ်လက်ျာနှင့် ဗိုလ်စကြာတို့ ဦးဆောင်သော “ဗမာ့လွတ်လပ်ရေး တပ်မတော်- ဘီအိုင်အေ” (Burma Independence Army,BIA) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဂျပန်နိပွန်ဘုရင့်ကြည်းတပ်မတော် စစ်ထောက်လှမ်းရေးအရာရှိများ၏ အနီးကပ်ကြီးကြပ်မှုအောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

 ဗမာ့ကာကွယ်ရေး တပ်မတော်၊ ဘီဒီအေ

အထက်မြန်မာပြည် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအထိ မြန်မာပြည်မဒေသများကို  အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်စေပြီးနောက် ၁၉၄၂ ခုနှစ်အတွင်း “ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဘီအိုင်အေ” (BIA) ကို “ဗမာ့ကာကွယ်ရေး တပ်မတော်၊ ဘီဒီအေ” (Burma Defense Army, BDA) ဟူသော အမည်သစ်ဖြင့် ဂျပန်စစ်အုပ်ချုပ်ရေး လက်အောက်တွင် “အပျော်ထမ်း တပ်မတော်” (Volunteer Army) တစ်ခုအဖြစ်မှ “အမြဲတမ်းတပ်မတော်” (Regular Army) တစ်ခုအဖြစ်သို့ စနစ်တကျ ပြင်ဆင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ဗမာ့အမျိုးသားတပ်မတော်၊ ဘီအန်အေ

၁၉၄၃ ခုနှစ် သြဂုတ် ၁ ရက်တွင် “ဗမာနိုင်ငံတော်” (Burma) ကို လွတ်လပ်သော အမျိုးသားအချုပ်အခြာအာဏာပိုင် နိုင်ငံတော်အဖြစ် လွတ်လပ်ရေးပေးကြောင်း နိပွန်အင်ပါယာက ကြေညာပေးခဲ့‌သည်။ 

ထိုနေ့တွင်ပင် ဗမာ့ကာကွယ်ရေးတပ်မတော်၊ ဘီဒီအေ (BDA) ကို “ဗမာ့အမျိုးသားတပ်မတော်၊ ဘီအန်အေ”  (Burma National Army, BNA) အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ 

 မျိုးချစ် ဗမာ့တပ်မတော်၊ ပီဘီအက်ဖ်

၁၉၄၅ ခုနှစ် မတ် ၂၇ ရက်တွင် ဗမာ့အမျိုးသားတပ်မတော်၊ ဘီအန်အေ (BNA) တပ်များသည် “မျိုးချစ် ဗမာ့တပ်မတော်” (Patriotic Burma Force, PBF) အမည်ဖြင့် ဖက်ဆစ်ဆန့်ကျင်မှု တော်လှန်ရေးအတွင်းသို့ ပါဝင်လာခဲ့သည်။

မျိုးချစ်ဗမာ့တပ်မတော်၏ ဗဟိုနိုင်ငံရေးမှူးချုပ်အဖြစ် သခင်စိုးက တာဝန်ယူခဲ့ပြီး စစ်သေနာပတိချုပ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းက တာဝန်ယူခဲ့သည်။

 ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်စုဖွဲ့မှုများ

စစ်ပြီးခေတ် ဗြိတိသျှစစ်အုပ်ချုပ်ရေး လက်အောက်သို့ ပြန်လည်ရောက်ရှိချိန်တွင် -

၁။ မျိုးချစ်ဗမာ့တပ်မတော် (PBF) အတွင်းသို့ “ဗမာ့အမျိုးသားတပ်မတော် (BNA)” မှ ဝင်ရောက်လာသူများ အစုအဖွဲ့ကို “ပြည်သူ့ရဲဘော်အဖွဲ့ချုပ်” (People’s Volunteers Organization, PVO) အမည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ လက်အောက်ခံ “စစ်တစ်ပိုင်း နိုင်ငံရေးလက်နက်ကိုင်တပ်ဖွဲ့” (Paramilitary Political Armed Organization) တစ်ခုအဖြစ် မြေပေါ်တွင် ဗြောင်အတိအလင်း ဖွဲ့စည်းထားရှိသည်။

၂။ မျိုးချစ်ဗမာ့တပ်မတော် (PBF) အတွင်းသို့ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) မှ ဝင်ရောက်လာသူများ အစုအဖွဲ့က သခင်သိန်းဖေ (စာရေး ဆရာ ဦးသိန်းဖေမြင့်) တင်သွင်းလာသော ဘရောက်ဒါ၀ါဒကို လက်ခံကာ ပါတီ၏ ဆုံးဖြတ်ချက်ဖြင့် လက်နက်များ ပြန်အပ်ကာ တပ်များ ဖျက်သိမ်းခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် ၁၉၄၈ ပြည်တွင်းစစ် အစပိုင်းတွင် ဗမာကွန်မြူနစ်များ၌ လက်နက် အဆင်သင့်မရှိသော ပြဿနာများကို ကြုံတွေ့ခဲ့ကြသည်။

၃။ မျိုးချစ်ဗမာ့တပ်မတော် (PBF) အတွင်းသို့ ပြည်သူ့အရေးတော်ပုံပါတီ (PRP) မှ ဝင်ရောက်လာသူများ အစုအဖွဲ့က သူတို့ဆန္ဒအလျောက် “ဗမာပြည်ဆိုရှယ်လစ်ပါတီ” (Burma Socialist Party,BSP) ၏ ပါတီ လက်အောက်ခံ ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့ (Partisan Armed Group) အဖြစ် ဖွဲ့စည်းထားရှိခဲ့သည်။

၄။ ကန္နီစာချုပ်အရ မျိုးချစ်ဗမာ့တပ်မတော် (PBF) မှ စစ်သည်ငါးထောင်၊ အရာရှိ နှစ်ရာနှင့် အရန်အရာရှိ နှစ်ရာကို ဗြိတိသျှအင်ပါယာလက်အောက်ခံ မြန်မာပြည်နယ်အစိုးရ ကာကွယ်ရေးဌာန၏ ဗမာ့တပ်မတော် (Burma Army) သို့ ပြန်လည်ထည့်သွင်း ပါဝင်ခွင့်ပြုခဲ့သည်။

      သို့သော်လည်း လက်တွေ့တွင် မျိုးချစ်ဗမာ့တပ်မတော်မှ ဗမာလူမျိုးစစ်သည်နှင့် အရာရှိ စုစုပေါင်း နှစ်ထောင်ကျော်သာ ဆေးစစ်ချက်၊ အရပ်အမောင်းနှင့် ကိုယ်အလေးချိန် သတ်မှတ်ချက်များ ပြည့်မီသည်ဟု အတည်ပြုသတ်မှတ်ခံခဲ့ရပြီး အစိုးရလက်အောက်ခံ ဗမာ့တပ်မတော်သို့ အမှန်တကယ် ဝင်ရောက်ခွင့်ရခဲ့သည်။ စာချုပ်ပါ သတ်မှတ်အရေအတွက်အတိုင်း အပြည့်အစုံ ဝင်ရောက်ခွင့်မရခဲ့ပေ။

 ဗြိတိသျှ ထူထောင်ပေးသော သီးခြားလက်နက်ကိုင်အဖွဲ့များ 

၁၉၄၆ - ၁၉၄၇ ခုနှစ်အတွင်း မြန်မာအမျိုးသား လွတ်လပ်ရေးလှုပ်ရှားမှု အင်အားစုများ၏ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စင်ပြိုင်အဖြစ် ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေးယန္တရားအတွင်းမှ အင်္ဂလိပ်လူမျိုး ဗျူရိုကရက်များက ဗြိတိသျှ သြဇာခံလက်နက်ကိုင်အဖွဲ့များကို  မျက်နှာဖုံးဇာတ်လမ်းအမျိုးမျိုးဖြင့် သီးခြားစင်ပြိုင်ဖွဲ့စည်းထူထောင်ပေးခဲ့သည်။ 

ထိုအဖွဲ့များကို ဗြိတိသျှ ကြည်းတပ်၏ လက်နက်တိုက်များမှ သုည ဒသမ ၃၀၃ လက်မ ရိုင်ဖယ်သေနတ်များ၊ စတင်းဂန်း စက်သေနတ်ငယ် (Sub Machine Guns) များ၊ ဘရင်းဂန်း စက်ကလေး (Light Machine Guns) များ၊ နှစ်လက်မ အပေါ့စား စိန်ပြောင်းများ၊ လက်ပစ်ဗုံးများ၊ ကျည်ဆန်များ၊ စစ်ဝတ်စုံများနှင့် စစ်သုံးပစ္စည်းကိရိယာများကိုပါ အပြည့်အစုံ လျှို့ဝှက်စွာ ထောက်ပံ့တပ်ဆင်ပေးထားခဲ့သည်။ 

ယင်းကဲ့သို့ ထူထောင်ပေးရသော ရည်ရွယ်ချက်မှာ ဒုတိယကမ္ဘာစစ်အပြီး ဗြိတိန်ရွေးကောက်ပွဲတွင် အနိုင်ရလာသည့် လက်ဝဲဝါဒီ ဗြိတိသျှအလုပ်သမားပါတီအစိုးရ၏ လုပ်ငန်းစဉ်များအတိုင်း အိန္ဒိယနှင့် မြန်မာကို လွတ်လပ်ရေးပေးလိုက်ပါက မြန်မာနိုင်ငံကို အစိတ်စိတ်အမြွာမြွှာပြိုကွဲစေရန် သို့မဟုတ် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများဖြင့် အင်အားချည့်နဲ့နေစေရန် ဖြစ်သည်။ 

 အဆိုပါ လက်နက်ကိုင်အဖွဲ့ များမှာ -

၁။ ကိုလိုနီခေတ် နန်းရင်းဝန်ဟောင်း (ဝန်ကြီးချုပ်ဟောင်း) ဂဠုန်ဦးစော၏ ဂဠုန်တပ်ဖွဲ့၊

၂။ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှ ဘင်္ဂါလီ မူဂျာဟစ်တပ်ဖွဲ့များ (မူရင်း အရှေ့ ဘင်္ဂလားပြည်နယ် နယ်ခြားဒေသအရန်သေနတ်ကိုင်တပ်ရင်းများ)

၃။ စောဘဦးကြီး ဦးဆောင်သော ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) (ကရင် ဒေသန္တရ အရန်တပ်များ)

၄။ မွန်အမျိုးသားကာကွယ်ရေး အဖွဲ့ (MNDO) (မွန်ဒေသန္တရအရန်တပ်များ) နှင့်

၅။ ရှမ်းစော်ဘွားများအပါအဝင်  လူမျိုးစုပဒေသရာဇ်များ၏ လက်အောက်ခံ ပဒေသရာဇ် ဒေသန္တရ ရဲတပ်ဖွဲ့များ ဖြစ်ကြသည်။

ယင်း လက်နက်ကိုင်အဖွဲ့များကို ဗြိတိသျှကိုလိုနီ ဗျူရိုကရက်အရာရှိများက နယ်မြေဒေသန္တရ အလိုက်၊ လူမျိုးတစ်မျိုးချင်း၏ လူဦးရေနှင့် အခြားအချက်အလက်များ အလိုက်၊ မတူညီသော လက်နက်များ၊  ကျည်ဆန်ခဲယမ်းများ၊ တပ်ဖွဲ့ဝတ်စုံများနှင့် တပ်ဖွဲ့သုံးပစ္စည်း ကိရိယာများကို ထောက်ပံ့ တပ်ဆင်ပေးထားခဲ့သည်။

 ဗမာ့တပ်မတော်နှင့် ဗမာ့ကာကွယ်ရေး တပ်ပေါင်းစု

၁၉၄၆ - ၁၉၄၇ ခုနှစ်အတွင်း ဗြိတိသျှအင်ပါယာလက်အောက်ခံ မြန်မာပြည်နယ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင်  ဗမာ့ကာကွယ်ရေးတပ်ပေါင်းစု (Burma Defense Services) ကို အောက်ပါ ပင်မစစ်လက်ရုံး အဖွဲ့အစည်း သုံးရပ်အဖြစ် ပြန်လည် ပြင်ဆင်၊ ပြုပြင်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

ယင်းတို့မှာ -

၁။ ဗမာ့တပ်မတော် (Burma Army)

၂။ ဗမာ့ရေတပ်မတော် (Burma Navy) နှင့်

၃။ ဗမာ့လေတပ်မတော် (Burma Air Force) သုံးရပ် ဖြစ်သည်။

 ဗမာ့စစ်ရဲတပ်ဖွဲ့

ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် ဗမာ့စစ်ရဲတပ်ဖွဲ့ (Burma Military Police) လက်အောက်တွင် စစ်ရဲတပ်ရင်းများနှင့် အရန်စစ်ရဲတပ်ရင်းများကို ဖွဲ့ စည်းထားသည်။ 

ဗြိတိသျှ လက်နက်ကိုင်တပ်ဖွဲ့များ၏ ဖွဲ့စည်းပုံစနစ်အရ စစ်ရဲတပ် (Military Police) ဆိုသည်မှာ စစ်တပ်ကဲ့သို့ စစ်ရေးတွင်လည်း အသုံးပြု၍ရပြီး  ရဲတပ်ဖွဲ့ကဲ့သို့ လုံခြုံရေးအတွက်လည်း အသုံးပြုနိုင်သော၊ အထွေထွေသုံး၊ ဘက်စုံသုံး တပ်ဖွဲ့အမျိုးအစား ဖြစ်သည်။ 

ဗြိတိသျှစနစ်အရ စစ်ရဲတပ် (MP) ဆိုသည်မှာ အမေရိကန်ပြည်ထောင်စုမှ အမျိုးသားအစောင့်တပ်များ (National Guards) နှင့် ပြည်နယ်အစောင့်တပ်များ (State Guards)၊ ယနေ့ခေတ် အီရန်နိုင်ငံမှ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်မတော် (Islamic Revolution Guards)၊ တရုတ်အမျိုးသားလက်နက်ကိုင်ရဲတပ်ဖွဲ့ (China National Armed Police Force)  ကဲ့သို့ပင် “စစ်ရေးနှင့် လုံခြုံရေးနှစ်မျိုးသုံး လက်နက်ကိုင်တပ်ဖွဲ့” (Military and Security Dual Purpose Armed Force) အမျိုးအစား ဖြစ်သည်။

စစ်ပြီးခေတ် မြန်မာပြည်နယ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ စစ်ရဲတပ်ရင်းများတွင်လည်း အင်္ဂလိပ်လူမျိုး ဗျူရိုကရက်များက ဗမာစစ်ရဲတပ်ရင်းများ၊ ကရင်စစ်ရဲတပ်ရင်းများနှင့် အခြားလူမျိုးစု စစ်ရဲတပ်ရင်းများကို သီးခြားတပ်ရင်းများအဖြစ် သီးခြားစီဖွဲ့စည်း ထားရှိပေးခဲ့သည်။

 မူလဇာစ်မြစ် တပ်မတော်များ

မြန်မာပြည်နယ်အစိုးရ လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန နှစ်ခု၏ လက်အောက်တွင် ၁၉၄၆ - ၁၉၄၇ ခုနှစ်များအတွင်း ပြန်လည်ပြုပြင်ပြောင်းလဲဖွဲ့စည်းထူထောင်ခဲ့သော ယင်းတပ်ဖွဲ့များအားလုံးသည် ဒုတိယကမ္ဘာစစ်အတွင်းနှင့် စစ်ကြိုကာလကတည်းက ဖွဲ့စည်းထားရှိခဲ့သော ဗြိတိသျှအင်ပါယာ၏ လက်အောက်ခံ၊ ဗြိတိသျှ အိန္ဒိယအင်ပါယာ (British Indian Empire) ဗြိတိသျှရာဇာအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများမှ - ဗြိတိသျှ အိန္ဒိယ ကြည်းတပ်မတော် (British Indian Army)၊ ဗြိတိသျှ အိန္ဒိယ ရေတပ်မတော် (British Indian Navy)၊ ဗြိတိသျှ အိန္ဒိယ လေတပ်မတော် (British Indian Air Force) နှင့် ဗြိတိသျှ အိန္ဒိယ စစ်ရဲတပ်ဖွဲ့ (British Indian Military Police Force) များထံမှ မြန်မာပြည်ရှိ လူမျိုးစုတပ်ဖွဲ့ဝင်များနှင့် အင်္ဂလိပ်မြန်မာ ကပြားတပ်ဖွဲ့ဝင်များဖြင့် အခြေခံထားသော တပ်ရင်း၊ တပ်ဖွဲ့များကို ပြန်လည် ထုတ်နုတ်ယူကာ ပြင်ဆင် ပြောင်းလဲဖွဲ့စည်းထားပေးခဲ့ခြင်း ဖြစ်သည်။

 ပြည်တွင်းစစ်အတွက် ကြိုတင်ပြင်ဆင်ခြင်း

မြန်မာပြည် တာဝန်ကျ အင်္ဂလိပ်လူမျိုး ဗျူရိုကရက်အများစုသည် အိန္ဒိယနှင့် မြန်မာကိုလွတ်လပ်ရေးပေးမည့် ဗြိတိသျှအလုပ်သမားပါတီအစိုးရ၏ အစီအစဉ်ကို လုံးဝမကျေနပ်ခဲ့ကြပါ။ အကယ်၍ မြန်မာကို လွတ်လပ်ရေးပေးလျှင် နိုင်ငံအစိတ်စိတ်အမြွှာမြွှာပြိုကွဲစေမည့် “ခွဲထွက်ရေးစစ်ပွဲများ” (Separatist Wars) နေရာအနှံ့တွင် ဘာသာရေး၊ လူမျိုးရေး ကြွေးကြော်သံ ပေါင်းစုံဖြင့် တစ်ပြိုင်တည်း စတင်ဖြစ်ပွားစေရန် ထိုအင်္ဂလိပ် ဗျူရိုကရက်များက ကြိုတင်ပြင်ဆင်စီစဉ်ထားခဲ့သည်။ 

ယင်းကဲ့သို့ ကြိုတင်ပြင်ဆင်မှု မျိုးစုံအနက် ထူးခြားသော အချက်များမှာ -

၁။ ဗမာလူမျိုး စစ်မှုထမ်းများနှင့် အခြားသော တိုင်းရင်းသား လူမျိုးပေါင်းစုံမှ စစ်မှုထမ်းများ မူလက စုပေါင်းပါဝင်နေသော ၂၅ ပေါင်ဒါ အပေါ့စား မြေပြင်ပစ်အမြောက် ဟောင်ဝစ်ဇာတပ်ရင်းကို ကရင်လူမျိုး စစ်အရာရှိများ၊ ကရင်စစ်သည်များဖြင့်သာ ပြန်လည်ဖွဲ့စည်းပြီး ကရင်သေနတ်ကိုင်တပ်ရင်း၊ ကရင်စစ်ရဲတပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ ကေအန်ဒီအိုများ အားကောင်းသော နယ်မြေများတွင် တမင်ထားရှိ တပ်စွဲစေခြင်း၊

၂။ ဗမာ့သေနတ်ကိုင် တပ်ရင်း ၆ ရင်းသာ ထားရှိပေးပြီး ယင်းတပ်ရင်းများကို တစ်မြို့၊ တစ်နေရာစီအဝေးတွင် ဖြန့်ခွဲထားခြင်း၊ 

၃။ လျှို့ဝှက်ကရင်စစ်ဌာနချုပ်များကို ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးဒေသနှင့် တောင်ငူဒေသများ တွင် ဗမာလူမျိုးအရာရှိများ မရိပ်မိအောင် ကြိုတင်ဖွဲ့စည်းထူထောင်ထားခြင်း၊

၄။ ကရင်တပ်ရင်းတပ်ဖွဲ့ပေါင်းစုနှင့် အခြားလူမျိုးစု တပ်ရင်းတပ်ဖွဲ့ ပေါင်းစုံကို နိုင်ငံ၏ မြို့တော်ဖြစ်သော ရန်ကုန်မြို့တော်နှင့် အနီးဆုံးနေရာများတွင် ပတ်လည်နေရာယူ တပ်စွဲထားစေခြင်း၊

၅။ ရခိုင်မြောက်ပိုင်းမှ ဘင်္ဂါလီမူဂျာဟစ်များ ၊ နိုင်ငံအနှံ့မှ ကရင်သေနတ်ကိုင် တပ်ရင်းများ၊ ကရင်စစ်ရဲတပ်ရင်းများ၊ ရှမ်းသေနတ်ကိုင်တပ်ရင်း၊ မွန်သေနတ်ကိုင်တပ်ရင်း အစရှိသော လူမျိုးစုတပ်ရင်း၊ တပ်ဖွဲ့များက တစ်ပြိုင်တည်း ပုန်ကန်ထကြွစေရန် ကြိုတင်ပြင်ဆင်စီစဉ်ပေးခြင်း၊ 

 ၆။ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း၏ လက်အောက်ခံ စစ်ရဲတပ်ရင်းများနှင့် အရန်စစ်ရဲတပ်ရင်းများကို တပ်ရင်းအဆင့် တိုးချဲ့ ဖွဲ့စည်းခြင်းအား မြန်မာပြည်ဆိုင်ရာ ဗြိတိသျှ စစ်မစ်ရှင်အဖွဲ့က ဟန့်တားပိတ်ပင်ထားခြင်း၊

၇။ ဗမာ လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော ဖဆပလအဖွဲ့ဝင် ဗမာပြည်ဆိုရှယ်လစ်ပါတီ၊ ဖဆပလ ပြင်ပမှ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) နှင့် အလံနီကွန်မြူနစ်ပါတီ (RF-CPB) များအကြား အမျိုးမျိုးစိတ်ဝမ်းကွဲပြားကာ ပဋိပက္ခများနှင့် တင်းမာမှုများ ပိုမိုတိုးမြင့်လာစေရန် ယင်းအဖွဲ့အစည်း လေးရပ်လုံးအတွင်း နှစ်ကာလရှည် ကြိုတင်ထည့်သွင်း မြှုပ်နှံထားသော ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး၏ အထူးစုံထောက်ဌာနများမှ အထူးလျှို့ဝှက်သူလျှိုများကို အသုံးပြုကာ ဗမာ့လွတ်လပ်ရေးအင်အားစုများအချင်းချင်း ပြင်းထန်စွာ ပဋိပက္ခဖြစ်ပွားစေရန် လုပ်ကြံသတင်းအတုများ၊ သတင်းအလိမ်များ၊ အစီရင်ခံစာအတုများ၊ သတင်းပေါက်ကြားမှုအတုများဖြင့် နည်းမျိုးစုံ သွေးခွဲရန်တိုက်ပေးခြင်းနှင့်

၈။ မြန်မာပြည်နယ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရုံးနှင့် ဗမာ့တပ်မတော် စစ်ရုံးချုပ်တွင် ကရင်လူမျိုးစစ်အရာရှိများနှင့် စစ်ဘက်ရုံးဝန်ထမ်းများကို အမြောက်အမြားထည့်သွင်းခန့်အပ် ဖွဲ့စည်းပေးထားခြင်း အစရှိသော နည်းဗျူဟာအဆင့်နှင့် မဟာဗျူဟာအဆင့် ကြိုတင်ပြင်ဆင်မှုများအမျိုးမျိုးကို ယင်းအင်္ဂလိပ်လူမျိုး ကိုလိုနီဗျူရိုကရက်အများစုက စနစ်တကျ ၀ိုင်းဝန်း လုပ်ဆောင်ခဲ့ကြသည်။ 

Credit  x https://news-eleven.com/article/234559

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား