မြမ္မာလူမျိုး - ၁

ညောင်ရမ်းခေတ် (ဒုတိယအင်းဝခေတ်) တနင်္ဂနွေမင်းလက်ထက် ရွှေယင်မြော် ဆရာတော် ရှင်ဥက္ကံသမာလာက ဝဏ္ဏဗောဓနသတ်အင်းကျမ်းကို ပြုစုတော်မူတယ်။ 


ဝဏ္ဏဗောဓနသတ်အင်းကျမ်း ဆိုတာက စာပေရေးထုံး သတ်ပုံသတ်ညွန်းကို ဖော်ပြတဲ့ ကျမ်းဖြစ်ပါတယ်။ အဲဒီကျမ်းဟာ မှန်ကန် ပြည့်စုံလှတဲ့ အတွက် တနင်္ဂနွေမင်းလက်ထက်က စပြီး ကြာသပတေးမင်း (ဟံသာဝတီပါမင်း)၊ နောက် ကုန်းဘောင်ခေတ် တလျှောက်လုံး အလောင်းမင်းတရား၊ ဘိုးတော်ဘုရား၊ နောက်ဆုံး သီပေါမင်းအထိ လက်စွဲကျမ်းအဖြစ် ပြဌာန်းတော်မူပါတယ်။
ဒီကျမ်းမှာ လူမျိုးအမည်၊ ဘာသာစကားအမည်ကို ဘယ်လိုရေးရမယ်ဆိုတာ ပြထားပါတယ်။
_________________________
" ဝဏ္ဏဗောဓနသတ်အင်းကျမ်း နိဒါန်း "
***** ဘိုးတော်ဘုရားလက်ထက်တွင် သတ်ပုံသတ်ညွန်းများကို ပြဌာန်းတော်မူသောအခါ၌လည်း ဝဏ္ဏဗောဓနသတ်အင်းကိုပင် ထိပ်ဆုံးက တင်၍ ပြဋ္ဌာန်းတော်မူလေသည်။ ထို့နောက် သီပေါမင်းလက်ထက် "၁၂၄၀ - ပြည့် ၊ နတ်တော် လပြည့်ကျော် ၆ ရက်နေ့ တောင်ဥယျဉ်တော် အစည်းအဝေး ရုံးတော်တွင် ကျင်းပသော ပထမဘွဲ့၊ ဒုတိယဘွဲ့ အစည်းအဝေးဝင် မှူးမတ်တို့၏ မျက်နှာစုံညီ အစည်းအဝေးကလည်း အသတ်ကာရန် ရေးသားနည်းများနှင့် စပ်လျဉ်း၍ လိုက်နာကြရန် " ရွာကြီး ဆရာတော် ဝဏ္ဏဗောဓနသတ်အင်း" ကို အမှူးထားလျက် ထောက်ခံတင်ပြကြလေသည်။ အစည်းအဝေး၏ ထောက်ခံတင်ပြချက်ကို သီပေါမင်းက နှစ်သက်တော်မူသဖြင့် ဝဏ္ဏဗောဓနသတ်အင်းကို အရအမိ ကျက်မှတ် လိုက်နာရန် ဆုံးဖြတ်သည်။
*****
" ဝဏ္ဏဗောဓနသတ်အင်းကျမ်း " စာ ၄-၇
အကြင်လူသည်။ တံ၊ ထိုမင်းကို။ မာနေတိ၊ မြတ်နိုးတတ်သော။ ဣတိတသ္မာ၊ ထိုသို့ အရှင်ကို မြတ်နိုးတတ်သော သတ္တိကြောင့်။ သောဇနော၊ ထိုလူသည်။ မြမ္မာ ၊ မြမ္မာမည်၏။ မြမ္မာ၊ မင်းကို မြတ်နိုးတတ်သည်။
ဤဝစနတ္တ၌ မ-သဒ္ဒါသည် ပရိသတ်ကို ဟော၏။ ရာ-သဒ္ဒါသည် (ယူခြင်းအနက်ကို ဟော၏ဟု ဧကက္ခရကောသလမှ လာသောကြောင့် ရှေ့ဝိကပ်၌ မသဒ္ဒုပရာဓာတ် 'မရ' ဟူသော ရုပ်ပြီးကို စီရင်သည်။ နောက်ဝိကပ်၌ မရမာဓာတ် ကြံသည်။ 'မာ' ဓာတ်) သည် မြတ်နိုးခြင်းကို ဟော၏ဟု ကျမ်းကလာသောကြောင့် 'မြမ္မာ' ဟူသော ရုပ်ပြီး စီရင်သည်။
ထိုဝစနတ္တတို့တွင် ရှေ့ဝိကပ်၌ အရကား ၁ပါး၊ ဝတ္ထု ၄ ပါး၊ အား ၅ ပါး၊ ရာဇဓမ္မ ဆယ်ပါး အစရှိသော ကျေးဇူးတို့နှင့် ပြည့်စုံသော သုနာပရန္တတိုင်း တမ္ပဒီပတိုင်း စသော အတိုင်းတိုင်း၌ နေကုန်သော လူအပေါင်းတို့ကို အုပ်စိုးခြင်းငှါ စွမ်းနိုင်သော ဘုန်းတန်ခိုးအာဏာအရှိန် ရှိတော်မူသော အစစွာသော မင်းကို ရ၏။
နောက်ဝိကပ်ကား ထိုမင်းကို ရိုသေလေးမြတ်ပြုရာသော အရှင်စိုးမင်းကို မသွေမဖည် ကြည်သဒ္ဓါ၍ မြဲစွာပြုလေ့ရှိသော အမှု ဝေယျာဝစ္စဟူသော ပုညကိရိယာ ဝတ္ထု ကျေးဇူးနှင့် ပြည်စုံသော ရှေးဦးစွာသော မြမ္မာလူမျိုးကို ရ၏၊ နောက်နောက်သော လူအပေါင်းတို့သည်လည်း ထိုအကျင့်နှင့် ပြည့်စုံသောကြောင့် လည်းကောင်း၊ ထိုသူတို့၏ အမျိုးအနွယ်ဖြစ်သောကြောင့် လည်းကောင်း မြမ္မာ မည်ကုန်၏။
တနည်းကား
မံသိရိံ ရာတိ ဂဏှာတီတိ မရော၊ တံ မာနေတိ မြမ္မာ။
မံသိရိံ ၊ အသရေကို။ ရာတိ ဂဏှာတီတိ၊ ယူတတ်၏။ ဣတိ၊ ထို့ကြောင့်။ မရော၊ မရ မည်၏။ တံ၊ ထိုဝ်အသရေရှိသသူသည် ။ မာနေတိ၊ မြတ်နိုးတတ်၏။ ဣတိ၊ ထို့ကြောင့်။ မြမ္မာ၊ မြမ္မာမည်၏။ အရကား ဘုန်းပညာနှင့် ပြည်စုံသော သူတော်ကောင်းကို မြတ်နိုးရိုသော ပူဇော်စည်းကပ်တတ်သောသူ၊ ဇနိယပူဇ မင်္ဂလာတရား ပဏ္ဍိတသေဝနာ မင်္ဂလာတရား သပ္ပူရိသူ ပနိဿယ စက္ကသမ္ပတ္တိ အစရှိသော ကျေးဇူးတို့နှင့် ပြည့်စုံသော မြမ္မာလူမျိုးရ၏။
ဤမှ တပါးလည်း အက္ခရာပုဒ်တို့၏ အနက်နှင့် လျော်ညီသော ဓာတ်ပစ္စည်းကို ကြံ၍ ဝိဂြိုဟ် ဝစနတ္တပြုသော် များစွာ ရသင့်သေး၏။
မြမ္မာဘာသာဟူသော စကားကို ဝစနတ္တပြုသော် မြမ္မာနံ ဘာသာ မြမ္မ ဘာသာ - ဟူ၍ ပြုရာ၏။ မြမ္မာနံ၊ မြမ္မာတို့၏ ။ ဘာသာ၊ စကားတည်း။ မြမ္မ ဘာသာ၊ မြမ္မာစကား။
ဤသို့ ဝစနတ္တကြောင့် မြမ္မာလူမျိုးတို့၏ ဝေါဟာရပညတ် ခေါ်ဝေါ် ပြောဆိုအပ်သော စကားမျိုးသည် မြမ္မ ဘာသာမည်၏။



Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား