နိုင်ငံရေးက ပဲ့နင်း ဦးထောင်၊ ဦးနင်း ပဲ့ထောင် ဖြစ်နေတယ်။

နိုင်ငံရေးက ပဲ့နင်း ဦးထောင်၊ ဦးနင်း ပဲ့ထောင် ဖြစ်နေတယ်။

NUCC ထဲမှာ EAO,CSO တွေက ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ် နဲ့ အဲဒီအပေါ် အခြေတည်ထားတဲ့ လွှတ်တော်သစ် (လွှတ်တော်သစ် ကိုယ်စားပြု CRPH) ရဲ့ အာဏာပိုင်စိုးမှုကို လျော့ချ၊ အစားထိုး၊ ဖျက်စီးနေသလို ... NLD "ပါတီ သုတေသန ဌာန" ကလည်း ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်ဟာ "ပါတီ" ကို အာဏာအပ်နှင်းတာပါ ဆိုပြီး လုပ်လာတယ်။ 
ဒါကြောင့် "ပါတီ" ဟာ တရားဝင်တယ်။ တရားဝင်ပါရက်နဲ့ ငုပ်တုပ်ထိုင်မနေပဲ၊ ဂယောင်/ ခွထိုင်/ ဘောမပါတီတွေနဲ့ ဆက်ဆံမယ်၊ တရုပ်နဲ့ ဆက်ဆံမယ်။ တရုပ်က NUG ကို တိုက်ရိုက်မဆက်ဆံချင်ပေမယ့် ပါတီကို ဆက်ဆံချင် မလား မသိဘူး။ ဒါကြောင့် မအလ လက်အောက်မှာ ပါတီ လှုပ်ရှားနိုင်ရေးအတွက် လူခွဲကစားရင် ကောင်းမလားဆိုပြီး သွေးတိုးစမ်းတယ်။
၂ ဘက်စလုံးဟာ ဖောက်ပြန်နေကြတာပဲ။
NLD က ငြင်းတယ်။ ဒီစာဟာ သုတေသန ဌာနက စာတမ်း တင်တာပါ၊ ပါတီ မူဝါဒ မဟုတ်ပါဘူး ဆိုပဲ။ ဒါဆိုရင် သုတေသန ဌာနဟာ ဖောက်ပြန်နေပြီလို့ ဆိုရမယ်။
ဖောက်ပြန်နည်း ၃နည်းရှိတယ်၊ အတွေးအခေါ် ဘူးသွင်းခံရတာ၊ အဝယ်ခံရတာ နဲ့ စပိုင်မွှေတာ။ ဒါကို အကျယ်မချဲ့တော့ဘူး။
ဆိုလိုရင်းကို ပြန်ပြောရရင်
(၁) ပါတီကို လူထုက အာဏာအပ်တယ် ။ ။ လုံးဝ မှားတယ်။ ဦးအောင်ဆန်းကြောင့် စုကို မဲပေးချင် ပေးမယ်။ စုကို ချစ်လို့ မဲပေးချင် ပေးမယ်။ ကိုယ်စားလှယ်လောင်းက တော်လို့ မဲပေးချင် ပေးမယ်။ ချောလို့ မဲပေးချင် ပေးမယ်။ ဘယ်လိုပဲ ဖြစ်ပါစေ၊ ပြည်သူက ကိုယ်စားလှယ်လောင်းကို မဲပေးတာဖြစ်တယ်။ နယ်တနယ်က ဒေါ်ဇင်မာအောင်ကို မဲပေးရင် သူဟာ အဲဒီနယ်ရဲ့ ပြည်သူ့ကိုယ်စားပြုပဲ။ 

ကိုယ်စားပြုတယ်ဆိုတာ အာဏာအပ်နှင်းတာပဲ။ ဒီမိုကရေစီ သဘောအရ ကိုယ်စားပြုသူ အများကိန်းရှိရင် လွှတ်တော်၊ အစိုးရ ဖြစ်တာပဲ။ ပါတီကို အာဏာအပ်တာ မဟုတ်။ ရွေးကောက်ပွဲမဝင်တဲ့၊ ရှုံးတဲ့ လူတွေ ပါတီထဲမှာ ရှိတယ်။ အဲဒီလို အုပ်ရောရော ကျောက်ရောရော အစုအဝေးကို အာဏာအပ်တာမဟုတ်။ 
(၂) ပါတီက တရားဝင်မှု ထိန်းရမယ် ။ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်။ " ပြည်သူရှိရင် ပါတီရှိတယ် " ဒါ ရှင်းရှင်းလေးပဲ။ ဒို့ဗမာအစည်းအရုံး၊ ဖဆပလ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ KNU, KIO, ULA ကို ကြည့်။ လူထုရှိရင် ပါတီရှိတယ်။ ဘာတရားဝင်မှုမှ မလိုဘူး။ ဘာမှ နိုင်ငံရေး ပညာရပ်တွေ ကိုးကားပြစရာ မလိုဘူး။ စံနှုန်းတွေဟာ တံခါးပိတ်လိုက်ရင် လွင့်ပျောက်သွားတဲ့ခေတ်၊ ဥပဒေ စာရွက်ကို သေနတ်နဲ့ ဖောက်တဲ့ခေတ်၊ အင်အားကိုကြည့်ပြီး နိုင်မြင်းလောင်းတဲ့ခေတ်။ တရားဝင်မှုဆိုတာ ဘာလဲ အငြင်းပွါးနေရင် ယောမင်းကြီး ဇရပ်မှာ တောင်စဉ်ရေမရ ပြောသလို လျှောက်ပြောရင်း ၊ တဘက်က တရားမဝင် မအလ သိန်းစိုး UEC အလိုကျ ဟိုဟာ မလုပ်ရ ဒီဟာ မလုပ်ရ ဘဝနဲ့ အစည်းအဝေးပွဲလုပ်၊ သံရုံးနဲ့ တွေ့၊ နအဖ ခေတ် ရွှေဂုံတိုင်ရုံးမှာ ကြေညာချက် ထုတ်နိုင်ငံရေးမျိုး ပြန်ရောက်သွားမယ်။
မအလက NLD ကို အမှုန့်ခြေဖို့ ကြံစည်ထားတာ။ တရုပ်က သိလို့ ဝင်တားတာဟာ နအဖ ခေတ် နဲ့ မတူတာကို ပြနေတယ်။ တရုပ်ကြောင့် မအလဟာ လက်လျော့မယ် လို့ မယူဆနဲ့။ မအလက NLD ပါတီ (ခဏတာ) အချိန်ဆွဲတာကို အခွင့်အရေးပေးတယ် မထင်နဲ့။ PDF သာ မပေါ်ရင် ပါတီဖျက်ပစ်တာ ကြာပြီ။ ရွေးကောက်ပွဲ မသမာမှု တံဆိပ်ကပ်ထားပြီးသား Delete ခလုပ်နှိပ်ရုံပဲ။ 
UEC ဥပဒေနဲ့ ပြောရင် လက်ရှိ NLD ကလည်း ၁၉၉၀ က NLD မဟုတ်ဘူး။ ၂၀၁၂ မှာ မှတ်ပုံတင်တဲ့ NLD ဖြစ်တယ်
(၃) မအလ ခွင့်ပြုဘောင်ထဲက ပါတီ လှုပ်ရှားမှု လုပ်ရမယ်။ ။ နအဖခေတ်လို လက်နှိပ်စက်နဲ့ စာရိုက်၊ တိုက်ပုံထဲ ဝှက်၊ စာပေးစာယူလုပ်ရတဲ့ ခေတ်လည်း မဟုတ်၊ သံရုံးကို လူကိုယ်တိုင် တွေ့ဖို့ အဆင့်ဆင့် ကျော်ဖြတ်ရတဲ့ ခေတ်လည်း မဟုတ်၊ ဂယောင်/ ခွထိုင်/ ဘောမပါတီတွေနဲ့ အိမ်တအိမ်မှာ ဘာနေ့ ညာနေ့ အကြောင်းပြပြီး ချိန်းတွေ့၊ မုန့်စား၊ တော်ကီဖုတ်တဲ့ ခေတ်လည်း မဟုတ်။ ဒီနေ့ခေတ်က အင်တာနက်ရှိတယ်။ ဖုန်း ရှိတယ်။zoom ရှိတယ်။ အမေရိကန်သမတက တွေ့ချင်ရင် ချက်ချင်း မျက်နှာချင်းဆိုင်ပြီး ပြောလို့ရတယ်။ တရုပ်က တွေ့ချင်ရင် UWSP နဲ့ တွေ့တာပဲ၊ ပြောရရင် NLD ထက်တောင် ပိုပြီး နီးကပ်သေးတယ်။ 
(၃) လူခွဲကစားမလား။ ။ ဒီစကားကိုဟာ NLD ၂ ခြမ်းကွဲမယ့် အရိပ်အယောင်ပဲ။ အစပထမမှာ စိတ်တူ-လူခွါ ကစားကြမယ် ပြောပြီး နောက်တော့ စိတ်ကွဲ-လူကွဲ ဖြစ်မှာ သေချာတယ်။ မူဝါဒတွေ အပေါ်မှာ ငြင်းခုံကြမယ်။ မအလသိန်းစိုး UEC ရဲ့ ထိန်းချုပ်မှုကို လက်ခံပြီး ပွဲတတ်မယ်။ ဒသနပေါင်းစုံ၊ သီအိုရီပေါင်းစုံနဲ့ အတွေးအခေါ် ဘူးသွင်း ခံရမယ်၊ အဝယ်ခံရမယ် နဲ့ စပိုင်မွှေတာ ခံရမယ်။ သိန်းစိန်ခေတ်လို ဝင်/ပြင် နဲ့ ပြင်/ ဝင် ကွဲ တာ ၂၀၀၈ တခုထဲပေါ် အခြေခံလို့ အကွဲအပြဲ မသိသာပေမယ့် (ဦးဝင်းထီန် ချောင်ထိုးခံရ၊ ဦးကိုနီ အသတ်ခံရ) အခုဖြစ်ရပ်မှာ အရမ်းရှုပ်ထွေးပြီး သပွတ်အူလိုက်မယ်။ ကောလဟာဠ ပေါင်းစုံကို နိုင်ငံပိုင် မီဒီယာက ပေါ်တင်လွှင့်ပြီး မီဒီယာလွတ်လပ်ခွင့် မရှိတော့တဲ့ အခင်းအကျင်၊ မြေပေါ်မြေအောက်ာ လျှို့ဝှက်ပြီး အတွင်းကြိတ် ပြသနာကို ချမပြရဲ၊ ဖြေရှင်းဖို့ ခက်ပြီး ၊ ပြည်သူက အဓိပ္ပာယ် ဖော်မရတဲ့ ဟိုလိုလို ဒီလိုလို စကားတွေ၊ ဒါကို ဖိနင်းတဲ့ အဖက်သတ်အမြင်တွေနဲ့ တော်လှန်ရေးမှာ ပြည်သူတွေ စိတ်ဓာတ်ကျသွားလိမ့်မယ်။ နိုင်ငံတကာကလည်း ဘယ်ဂိုဏ်းရဲ့ စကား အတည်ယူရမယ် မသိဘူးဖြစ်မယ်၊ ကမေ႓ာဒီးယား၊ တရုပ်ကတော့ နယ်ရုပ်တခုရသွားတာပေါ့။
ဒါဟာ မတရားသော ဥပဒေအောက်မှာ လူရာဝင်မှုကို ရှာဖွေချင်တဲ့ ဂိုဏ်းတခုရဲ့ အခြေအနေကို ပြသနေတယ်။ NLD မှာ လူကြီးတွေ မရှိလို့ ကလေး ၂ စုကွဲနေတာ။ အိမ်အပြင်ရောက်တဲ့က လေးတွေက လွတ်လပ်စွာ ကခုန်းနေတုံး၊ အိမ်ထဲ ချုပ်နှောင်ထားရတဲ့ ကလေးတွေက ကချင် ခုန်ချင်စိတ် ပေါ်လာတာပါ။ ဒီကနေ စိတ်ပိုင်း ပြောင်းလဲရင်း နအဖခေတ် ရွှေဂုံတိုင်အက ကို ပြန်ကရင်း လူကြီးလာရင် ( PDF တော်လှန်ရေးမအောင်ရင် လာစရာလည်း အကြောင်းမရှိ) ပါတီကို တည်မြဲအောင် ထိန်းထားတယ်လို့ ဦးအောင်ရွှေ စကား မျိုး ပြောချင်တာပါ။ ခေတ်မတူတာကို ပုံတူကူးပြီး ကချင်ကြတာပါ။ ကပြန်တော့လည်း စုရွေးလွှတ် စည်းကို မကျော်ရဲဘူး။ အပေါ်က ရေးသလို ဖောက်ပြန်တယ် ဆိုတာ ရန်သူဘက်ကူးသွားတယ်လို့ မဆိုလိုဘူး၊ စိတ်ဖောက်ပြန်တာကို ပြောတာ။ 
▪️ စုရွေးလွှတ်ကို ဖျက်ဆီးလို့ မရသလို ▪️ စုရွေးလွှတ်မှာ ရပ်တန့်နေလို့လည်း မရဘူး ( NUG၊ NUCC၊ ဖက်ဒရယ်တပ် အထိသွားရမယ်) 
တကယ်တော့ NLD အများစုဟာ ထောင်ထဲမှာ၊ PDF ထဲမှာ၊ NUG ထဲမှာ ၊ ပြည်သူ့အုပ်ချုပ်ရေးမှာ ရောက်နေပါပြီ။ အပေါ်က အတွေးအခေါ် ဘူးသွင်းလာတာ တစုတဖွဲ့ရဲ့ ဘောင်ခတ်ထားတဲ့ မအလ စည်းဝိုင်းထဲမှာ က, ချင်တဲ့ အုပ်စုငယ် တစု ရဲ့ အကြံပြုချက်ပါ။ NLD ထူထောင်စ တပ်ပြုတ် မျိုးချစ်ရဲဘော်ဟောင်း တစုနဲ့ တက်သိ ပညာရှင်တစု အတွင်းကြိတ် မူဝါဒ ပဠိပက္ခရှိခဲ့တာပါ။ ဒိုင်ယာလောခ့် ဝါဒ လက်ကျန် အချို့ဟ NLD အများစုရဲ့ ဘက်စုံတိုက်ပွဲ ကို အတူတူ ဖြတ်ကျော်နိုင်ကြပါ့မလား ။ 
NUCC ထဲက CSO တွေရဲ့ အာဏာ ဖျာခင်းတဲ့ အကြောင်းတရားဟာလည်း ကြီးမားတဲ့ တွန်းအား တခုပဲ။ ဂျာအေး သူ့အမေရိုက် ၊ မုန်လုံး စက္ကုကပ်သလို ဖြစ်နေတယ်။ ဘတပြန် ကျားတပြန် အာဏာလုနေတယ်။ တကယ့်အာဏာအပ်ထားတာ CRPH မှာ ဆိုတာ နားမလည်ကြဘူး။
ဒါကို EAO တွေ CSO တွေက ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ် နဲ့ အဲဒီအပေါ် အခြေတည်ထားတဲ့ လွှတ်တော်သစ် (လွှတ်တော်သစ် ကိုယ်စားပြု CRPH) ရဲ့ အာဏာပိုင်စိုးမှုကို လျော့ချ၊ အစားထိုး၊ ဖျက်စီးဖို့ ကြံနေရင်တော့ NUG , CRPH ဟာ ၂ ဘက် ညှပ်အတိုက်ခံရပြီး ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ် နဲ့ အခြေတည်ထားတဲ့ Mandate ဟာ မြောင်းထဲရောက်သွားလိမ့်မယ်။ ဒါဟာ မအလအကျိုးရှိစေဖို့ချည်းပဲ၊
NLD အများစုဟာ ယိုင်တွေ မှုန်ဝါး မသွားဖို့ လိုတယ်။ ခံဝန် လက်မှတ်ထိုးတွေကလည်း လှုပ်မရင် ငြိမ်နေတာ အကောင်းဆုံးပဲ။ ပြည်သူ့တော်လှန်ရေးကို ယုံကြည်ပြီး ထိုင်စောင့်ပေးပါ၊ ကန့်လန့်မတိုက်ကြပါနဲ့။ ဒီလို ပါတီ ၂ ခြမ်းကွဲမယ့် အန္တရာယ်ကို NLD ပါတီဝင်တွေ နားလည်ဖို့ လိုတယ်။ ပြတ်သားဖို့ လိုတယ်။
ပြည်သူကလည်း ဝါဝါမြင်တိုင်း ရွှေမထင်ကြပါနဲ့။ နီနီမြင်တိုင်း NLD လို့ မမြင်ကြပါနဲ့။ ဒုတိယ သိန်းညွန့်၊ ခင်မောင်ဆွ၊ ဖြိုးမင်းသိန်း ၊ ကျော်ဇေယျ၊ သက်သက်ခိုင် တွေ လာနိုင်တယ် ဆိုတာကို သတိရဖို့လိိုတယ်။ ဒါထက်တောင် ပိုသိမ်မွေ့ ပိုရှုပ်ဦးမယ်။ 
တကယ်တော့ မြန်မာစစ်တပ်ဟာ အင်မတန် တော်လို့ နိုင်နေတာ မဟုတ်ဘူး။ ( တော်ရင် နိုင်ငံတိုးတက်နေပြီ) တော်လှန်ရေးသမားတွေ ညံ့လို့သာ မနိုင်သေးတာဖြစ်တယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား