NUG ဝန်ကြီးဌာန တချို့ နဲ့ PDF တချို့ ရဲ့ တံဆိပ်များကို နှိုင်းယှဉ်လေ့လာခြင်း အပိုင်း (၁)

NUG ဝန်ကြီးဌာန တချို့ နဲ့ PDF တချို့ ရဲ့ တံဆိပ်များကို နှိုင်းယှဉ်လေ့လာခြင်း အပိုင်း (၁)


▪️ ဓဇဂ္ဂသုတ် မှာ မြတ်စွာဘုရားက ရဟန်းအများကို ခေါ်တော်မူ၍ ဤသို့မိန့်ကြား ဟောမြွက်တော်မူပါသည်။ "ချစ်သားတို့… ရှေးအခါက တာဝတိံသာနတ်နှင့် အသုရာ နတ်စစ်သည်တို့ စစ်ခင်းခဲ့ကြဖူး၏။ ထိုအခါ သိကြားမင်းသည် တာဝတိံသာနတ် စစ်သည်တို့ကို ခေါ်ယူပြီး ဤသို့ပြောကြားခဲ့၏။"အမောင်နတ်သားတို့၊ သင်တို့သည် စစ်မြေပြင်မှာ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ဖြစ်ခဲ့သည် ရှိသော် ငါသိကြားမင်း၏ တံခွန်ဖျား .... ( အကယ်၍ ငါ၏တံခွန်ဖျားကို မော်၍ မကြည့်ဖြစ်လျှင် ..... အကယ်၍ .... ပဇာပတိ နတ်မင်း၏ တံခွန်ဖျား .... အကယ်၍ ... ဝရုဏနတ်မင်း၏ တံခွန်ဖျား ..... အကယ်၍ ... ဤသာနနတ်မင်း၏ တံခွန်ဖျား ..... ကို မော်၍ ကြည့်လိုက်ကြကုန်လော့။ ဤသို့ ကြည့်လိုက်ပါလျှင် သင်တို့ အကြောက်ပြေကြလိမ့်မည်။ မတုန်မလှုပ်ရဲရင့်လာကြလိမ့်မည်။ ကြက်သီးမွေးညှင်း ထခြင်းများလည်း ပြေပျောက်သွားကြလိမ့်မည်"။ ...... ...... ..... ... "  နတ်စစ်သည်တွေ စစ်ခင်းတဲ့အခါ တံခွန်ဖျား ခေါ် အလံ၊ အလံက သင်္ကေတ အမှတ်အသားတွေဟာ အရေးပါကြောင်း သိရတယ်။
 


▪️ ရှေးဦးလူ တွေ လက်ထက်ထဲက ကျောက်ဂူနံရံပေါ်မှာ လောကထဲမှာ ရှိတဲ့ ပုံစံတူ အဓိပ္ပါယ်တူသဘာဝကို ထပ်တူပြုတဲ့ ပန်းချီတွေ၊ သင်္ကေတ အမှတ်အသားတွေ ရေးခြစ်ကြတယ်။ အဲဒီကအက္ခရာ စာလုံးတွေ ဖြစ်ပေါ်လာတာ ဖြစ်တယ်။ အက္ခရာ ။ ပေရွက်ပေါ် ကညစ်နဲ့ ရေးရင် မျဉ်းကောက်၊ ဝါးခြမ်းပေါ် စုတ်နဲ့ ရေးရင် မျဉ်းဖြောင့် အခြေပြုကြရေးကြတယ်။ သဘာဝ လောကကို ကိုယ်စားပြုတဲ့ အတွက် တန်ခိုးသတ္တိတွေ ကိန်းဝပ်နေတယ်လို့ ယူဆကြတယ်။ အသံ မှာ တန်ခိုးကိန်းလို့ မန္တန်   ဖြစ်လာတယ်။ သင်္ကေတမှာ တန်ခိုး ကိန်းလို့ အင်း  ဖြစ်လာတယ်။ မြတ်စွာဘုရားဟောတဲ့ တရား အပေါ်မူတည်ပြီး မုဒြာအမျိုးမျိုးကွဲပြား ထုဆစ်ပူဇော်နေကြတဲ့ ဓလေ့ဟာ သတိပြုစရာပါ။ ရှေးက အယူအဆတွေ ဒီလို ရှိသလို ယနေ့ခေတ်မှာလည်း ကုမ္ပဏီတွေဟာ သင်္ကေတ အမှတ်အသားတွေ ကို အကောင်းဆုံး ဖြစ်အောင် ရေးကြတယ်။ ခေတ်နဲ့ အညီ အဆင့်ဆင့် ပြင်ကြတယ်။ လွတ်လပ်ရေးယူခါနီး မြန်မာနိုင်ငံ အလံတော်ကို လနဲ့ ချီ အဆိုပြုကြ၊ ဝေန်ကြတာ အဲဒီခေတ်သတင်းစာတွေမှာ ပြန်လည်ဖတ်ရှုနိုင်တယ်။ ဘာသာမဲ့ ကွန်မြူနစ် တရုပ်တောင်မှ အလံ ပြိုင်ပွဲ လုပ်ပြီး ယနေ့ တရုပ်နိုင်ငံအလံ ကို ရွေးချယ်ကြတာ ဖြစ်တယ်။ ဒါကြောင့် အလံတွေ၊ တံဆိပ်တွေကိုရေးဆွဲတဲ့အခါ ဒီဇိုင်းနာ တာဝန်သာမကပဲ သင်္ကေတတွေ အရောင်တွေရဲ့ သဘောတရားကို သိတဲ့ ပညာဟာ လိုအပ်တယ်။ သဘာဝကို ကိုယ်စား ပြုတဲ့ သဘောတရားတွေ ကိန်းဝပ်နေတာမို့ သဘာဝကျဖို့ လိုတယ်။ 






▪️ ဥပမာပြောရရင် .. သင်္ကေတတွေထဲမှာ စက်ဝိုင်းဟာ သဘာဝ အမျိုးမျိုးကို ကိုယ်စားပြုတယ်။ ကမ္ဘာဦးထဲက နေ လ ကို ကိုယ်စားပြုရေးကြတယ်။ ဝလုံး၊ သုည၊ ဇီရိုး၊ အို စတဲ့ စက်ဝိုင်းသင်္ကေတဟာ ဘာသာစာပေအတော်များများမှာ ပါဝင်နေတယ်။ ဗုဒ္ဓဘာသာမှာတော့ လှည်းဘီးကို ဥပမာယူရေးဆွဲတဲ့ ဓမ္မစကြာ တံဆိပ်ဟာ စက်ဝိုင်းပုံပဲ။ ယနေ့ခေတ် မှာလည်း အစိုးရတံဆိပ်တွေမှာ စက်ဝိုင်းကို သုံးကြတာ များတယ်။ လည်ပတ်ခြင်း၊ အဆုံးအစ မရှိ သံသရာ၊ သုညတတရား၊ ပြည့်ဝခြင်း၊ စည်လုံးခြင်း သဘောဆောင်တယ်။ ဒါပေမယ့် ဒီဇိုင်းတခုဟာ ရေးသူက အကြံတမျိုး၊ မြင်သူက အဓိပ္ပါယ်တမျိုး ဖြစ်နေရင် ပြဿနာရှိတယ်။ ဗကသ ခွပ်ဒေါင်းအလံက စက်ဝိုင်းဟာ အချုပ်အနှောင်က ဖောက်ထွက်နေတဲ့ ခွပ်ဒေါင်းကို ရေးဆွဲပေမယ့် မြင်သူက ခွပ်ဒေါင်းဟာ ကျော့ကွင်းထဲမှာ အမြဲပဲ ရုန်းမထွက်နိုင်သေးတာ မြင်နေရတယ်။ ခုတ်ရာ တခြား ရှရာ တလွဲ ဖြစ်တယ်။ ABSDF တံဆိပ်ကလည်း ဒါကိုပဲယူသုံးထားတယ်။ ခွပ်ဒေါင်းက စက်ဝိုင်းကို အပေါ်က ခြေနဲ့ နင်းထားတဲ့ ပုံကို ဆိုရင် ရေးသူရဲ့ဆိုလိုရင်း သဘောမိတယ်။  NLD အလံမှာ အဲဒီ စက်ဝိုင်း မပါတော့ဘူး။ အလံရဲ့ သဘောဟာ လေ နဲ့ကောင်းကင်နဲ့ နွယ်လို့ ငှက်၊ နေ၊ လ၊ ကြယ် ၊ တိမ်ကို သုံးရင် ပိုမို အသက်ဝင်တယ်။ လေတိုက်လို့ အလံတဖျပ်ဖျပ် ကစားလေလေ၊ အဲဒီ သင်္ကေတတွေဟာ အသက်ဝင်လေလေပဲ။ 



▪️ အရောင်အကြောင်း ဥပမာ ပြောရရင် ကြယ်ကို အဖြူနဲ့ အဝါပဲ ရေးရတယ်။ ကွန်မြူနစ်တွေဟာကြယ်နီ ကို ရေးကြတယ်။ သဘာဝမှာ "ကြယ်နီပု" ရှိတယ်။ ကြယ်ကို အနီရောင် နဲ့ ရေးသင့်မသင့် အငြင်းပွါးစရာပဲ။ အနီရောင်ဟာ လူသားကို ရည်ညွန်းတယ်။ လူမျိုး အသားအရောင် မတူပေမယ့် သွေး နီတာ တူတယ်။ သွေးဟာ အသက်လည်း ဖြစ်တယ်။ သွေး စည်းညီညွတ်ရေး ဆိုတာကို အနီရောင်က ပြောပြနေတယ်။ အစိမ်းဟာ သစ်ပင်အရောင်က လာတာ ဖြစ်တယ်။ အရောင်ဗေဒမှာ အနီဟာ အစိမ်းနဲ့ရန်ဓာတ် ဖြစ်တယ် လို့ ဆိုကြတယ်။ အနီနဲ့ အစိမ်းကြား အရောင်တခုခု ခံပေးရတယ်။ ဝါစိမ်းနီ ကမ္ဘာသိမ်းမည် ဆိုတာ စာချိုးလှပေမယ့် သုံးရောင်ခြယ်အလံဟာ အရောင် ဟာမိုနီ မဖြစ်တဲ့ ပြဿနာရှိနေတယ်လို့ အဆိုရှိတယ်။ အရောင်ကို သုံးရင် အဖြူ၊ အနက်၊ အနီ၊ အဝါ၊ အပြာ ဆိုတဲ့ အခြေခံ အရောင်ကိုပဲ သုံးဖို့ အကြံပေးလိုတယ်။ လိမ္မော်၊ အစိမ်း၊ ခရမ်း၊ ပန်းရောင် စတဲ့ စပ်ရောင်တွေ မသုံးသင့်ဘူး။  နိုင်ငံတကာမှာ ကြီးပွားတိုးတက်နေတဲ့ နိုင်ငံတိုင်းရဲ့ အလံတွေ တံဆိပ်တွေ နဲ့ ဆင်းရဲနိမ့်ကျနေတဲ့ နိုင်ငံတွေရဲ့ အလံ တံဆိပ်တွေကို အုပ်စု ၂ စု ခွဲ ပြီး သုတေသန လုပ်ကြည့်ရင် မြင်ရမယ်။ နိုင်ငံအသီးသီးက ကြီးပွါးတိုးတက် အုပ်စု၊ ဆင်းရဲကျရှုံး အုပ်စု ၂ ခု၊ အရှေ့တိုင်း၊ အနောက်တိုင်း အုပ်စု ၂ ခု ခွဲပြီး အလံတွေ၊ တံဆိပ်တွေ  အရောင်တွေကို စာရင်းချ ကြည့်ပါ။  အနောက်တိုင်းက အနီ၊ အပြာ တွဲဖက်သုံးပြီး အရှေ့တိုင်းက အနီ၊ အဝါကို သုံးတယ်။ အာဖရိက တိုက်က ဝါ၊ စိမ်း အတွဲကို ကြိုက်တယ်။



▪️ ကမ္ဘာဦးလူသားတွေအဖို့ နေ၊လ၊ ကြယ်၊ ရေ၊ မြေ၊ လေ၊ သစ်ပင်၊ တိရစ္ဆာန် ၊ မီး၊ ဘီး ၊ ဒုတ်၊ ဓား ၊လှံ တွေဟာ အားကိုးရာပဲ။ ဒါကြောင့် တံဆိပ်တွေ၊ အလံတွေဟာ လူသားတွေ ရဲ့ မူလ အားကိုးရာကိုအခြေပြုရေးသင့်တယ်။ သေနတ်သဘောကို ရေးချင်ရင် မူလ မီးပေါက်သေနတ်ကို ရေးသင့်တယ်။ ပညာရေး တံဆိပ်မှာ Tablet ၊ ကွန်ပြူတာ၊ စာအုပ်၊ ပေစာ၊ ကျောက်စာဘယ်ဟာ ထည့်မလဲ ဆိုရင်.ပေစာထည့်သင့်တယ်။ တံဆိပ်မှာသေနတ် မထည့်မဖြစ် ထည့်ချင်ရင် AK47 နဲ့ တူမီး ဘယ်ဟာ ထည့်မလဲ ဆိုရင် တူမီးထည့်သင့်တယ်။ ဆိုလိုတာက လူသားနဲ့ သဘာဝနဲ့ အနီးစပ်ဆုံး သင်္ကေတကို ရွေးချယ်ဖို့ ပါ။ တဖန် အခြားတဖက်က စဉ်းစားကြည့်ရင်၊ ခေတ်မီချင်လို့ ခေတ်မီပစ္စည်းတွေ လျှောက်ထည့်နေရင် ဘယ်တော့မှ ဆုံးမှာ မဟုတ်ဘူး။ အမြဲ update လုပ်ဖို့ လိုနေလိမ့်မယ်။ 

အမေရိကန် အစိုးရတံဆိပ် - ပထမဆုံး ရွေးချယ်တဲ့ပုံ

▪️ သင်္ကေတတွေ အမှတ်အသားကို "တပိုင်းတစ" ထည့်ရင် သဘာဝ အပေါ် ကိုယ်စားပြုမှု၊ သက်ရောက်မှုက ကလည်း "တပိုင်းတစ"ပဲ ဖြစ်တတ်တယ်။  ဒီဇိုင်းရေးသူ စိတ်ကူးက The Hunger Games ရုပ်ရှင် က လက်သုံးချောင်း အလေးပြုပုံ ကိုရည်ရွယ်ပေမယ့်၊ အဲဒီ အဓိပ္ပါယ် မပေါက်ပဲ လက်ပြတ်ကြီး ဖြစ်နေတယ်။ ခါးတပိုင်းပြတ် ပုံတွေ၊ ခေါင်းပြတ် ရုပ်တုတွေကို နိမိတ်မကောင်းလို့ အိမ်မှာ မထားကြဘူး။ လက်သုံးချောင်း အလေးပြုချင်ရင် တကိုယ်လုံးပြည့်ထည့်ဆွဲသင့်တယ်။ ဒေါက်တာဆာဆာ ရဲ့ ဝန်ကြီးဌာနဟာ အဲဒါကို သုံးထားတယ်။ ကွန်မြူနစ်တွေမှာ လက်ဝဲလက်သီးဆုပ် တံတောင်ကွေးပြီး အလေးနီပြုတာ ရှိတယ်။ ဘယ်ကွန်မြူနစ်နိုင်ငံမှ အဲဒီ red salute ကို ဝန်ကြီးဌာန တံဆိပ် မလုပ်ဘူး။ အဲဒီလို ကလေးကလားတွေလုပ်တော့ ဒေါက်တာဆာဆာကို အထင်သေးသွားနိုင်တယ်။ ဒေါ်ခင်မမမျိုးရဲ့ ဝန်ကြီးဌာန တံဆိပ်ကိုလည်း ရှူဦး။ ဒီလောက် ကူးသန်းရောင်းဝယ်ရေး သမိုင်းကြောင်းရှိတဲ့ နိုင်ငံမှာ ထည့်စရာ ရှားပါးဟန်တူတယ်။ လေယာဉ် သင်္ဘော ထရပ်ကား သုံးမျိုး ကို တံဆိပ်ထဲ ထိုးထည့်ထားတယ်။ ဒါလည်း  တီထွင်ဖန်တီးနိုင်စွမ်း မရှိပဲ အလွယ်လုပ်တတ်တဲ့ အကျင့်ကို ပြသနေတယ်။ ဒေါက်တာဇော်ဝေစိုးကျတော့ တော်တော်လေ့လာတယ်။ ပညာရေးတံဆိပ် အတွက် သစ်ပင် နိမိတ်ပုံ ယူတာ အမေရိကန်နဲ့ တောင်ကိုရီယားလိုပဲ။ ဒါပေမယ့် သဘာဝမကျတာက အပေါ်မှာ နေရမယ့် ကြယ်တွေကို မြေကြီးထဲ မြုပ်ထားတယ်။ ဦးတင်ထွန်းနိုင်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ဦးအောင်မျိုးမင်းရဲ့ ဝန်ကြီးဌာန တံဆိပ်တွေလည်း တပိုင်းတစ သဘောတွေ ကိန်းဝပ်နေတယ်။ 



▪️ ဦးရည်မွန်ကျတော့ အထာကျတယ်။ လက်သုံးချောင်းကို ကြယ် ၃ ပွင့်ပြောင်းပေးလိုက်တယ်။ဒေါက်တာဇော်ဝေစိုး တံဆိပ်က ကြယ် ၃ ပွင့်ကလည်း အပေါ်တင်လိုက်ရင် အဆင်ပြေတယ်။ လက်သုံးချောင်းကို ဒေါင်လိုက် မျဉ်း ၃ ချောင်း နဲ့ ပုံဖော်တယ်။ ( သတိပြုစရာက မျဉ်း၃ ချောင်းဟာ လွတ်လပ်နေပါစေ၊ ဘောင်မခတ်မိစေနဲ့။ ဘောင်ခတ်ရင် ရှရာ တလွဲ ဖြစ်သွားမယ်) ။ PRF တံဆိပ်မှာတော့ ရေးသူ ရည်ရွယ်တာက အိမ်ကို အတောင်ပံတပ်ပေးတာပဲ၊ ပြင်ပ အမြင်ကတော့ အိမ် မီးလောင်နေသလိုပဲ။ ကြားရောင် စပ်ရောင်တွေလည်း သုံးထားတယ်။ ပို့မော်ဒန် ဆန်ဆန် လှတာက တာကလွဲရင် တလွဲဖြစ်နေတယ်။ ကာကွယ်ရေး ဆိုင်ရာ ပြတ်သား သန်မာတဲ့ တံဆိပ်မဖြစ်လာပဲ၊ စားသောက်ကုန် တံဆိပ်ဖြစ်နေတယ်။ ဦးလွင်ကိုလတ်ရဲ့ တောင်ပိုင်းတိုင်း PDF တံဆိပ်ကလည်း အတောင်ပံတွေ တပ်ပြီး ဟောရှော့ဆန်နေတာ ရော့ဂီတ တီးဝိုင်း တံဆိပ်အလား ထင်မှားရတယ်။ ဝန်ကြီးချုပ် စစ်ဆေးတဲ့စခန်းက တံဆိပ်ဆိုရင် ဘေးသား အဖြူရောင်တွေက ထင်းနေတာပဲ။ သစ်ပင်ကြား အလွယ်မမြင်အောင် ပျောက်ကြားဝတ်စုံ ဝတ်ကြတယ်။ ဒါပေမယ့် လက်မောင်းတံဆိပ်က လှိုင်းအလျားရှည်တဲ့အဖြူရောင်တွေ အဝါရောင်တွေ သုံးထားတယ်။ လုံးဝ မသုံးရဘူး မပြောပါ။ မလိုအပ်ရင် မထည့်တာအကောင်းဆုံးပဲ။ ရန်သူက ပုခုံးအပွင့်ကိုတောင် ရွှေရောင် မသုံးပဲ အမည်းရောင် ပြောင်းသုံးနေတာ။  မန်းလေ: PDF က ဒေါင်းတံဆိပ်ကလည်း မပီပြင် ဘူး။ မောင်ဆောင်းခ ရဲ့ ဒေါင်းကလည်း အမြီးပဲ ကျန်တယ်။  CDF တံဆိပ်က လုံးဝ သဘာဝကျသလို အထာကျတယ်။ တံဆိပ်ဆိုတာ ရိုးရှင်းရတယ်။   သင်္ကေတ တခုဟာ အခြားတခုကို "အကြောင်းမဲ့" ဖြတ်သန်း ဖုံးကွယ်တာ မဖြစ်ရဘူး။ သင်္ကေတ တခုဟာ အင်္ဂါစုံရတယ်။ သင်္ကေတ မျဉ်းကြောင်းတွေဟာ မထိ တထိ လွတ်နေတာ မဖြစ်ရဘူး။ အပိုင်း ကွဲဖြတ်နေတာ မဖြစ်ဖို့ လိုတယ်။   ပို့စ် မော်ဒန် ဆန်ဆန်တွေ ရေးရင်း  မရည်ရွယ်ပဲ ဖြစ်တတ်တယ်။  အစိုးရ ဌာန၊ စစ်တပ်တွေရဲ့  တံဆိပ်တွေဟာ ဖျော်ဖြေရေး၊ စားသောက်ကုန် တံဆိပ်တွေလို မြူးကြွ သွတ်လတ်ဖို့ မလိုဘူး။   ပေါ့ရွတ်ရွတ် ဖြစ်မနေပဲ လေးနက်တည်ကြည်နေဖို့ လိုတယ်။ အရောင် မှန်ရတယ်။ နေရာ အထားအသို မှန်ရတယ်။ သဘာဝကျရတယ်။ မိမိအလံ တံဆိပ်ကို မြင်ရရင် ခွန်အား ဖြစ်စေတဲ့  ယုံကြည် အားကိုး စိတ် ပေါ်လာသင့်တယ်။  ဟောဒီ နမူနာ တံဆိပ် တချို့ကို  တခုချင်း ခံစားကြည့်ပါ။


-----------------------
ညနေစောင်း အရောင်မှိန်ကြည့်ရင် လက်မောင်းတံဆိပ်က အဖြူရောင်တွေက ထင်းနေတယ်


NUG PDF တံဆိပ်မှာ -- ဒိုင်း - ကာကွယ်ခြင်း၊ ဒေါင်လိုက်မျဉ်း ၃ ချောင်း - three-finger salute၊ ကြယ်ကြီး ၁ လုံး - ဖက်ဆစ်တော်လှန်ရေး၊ PDF အလံ ကို ကိုယ်စားပြုထားတာ ကောင်းပါတယ်။ ဒါပေမယ့် .. တံဆိပ်မှာ မလိုအပ်တဲ့ အဓိပ္ပာယ်မရှိတဲ့ ဧရိဟာတွေက စိုးမိုးနေတယ်။ ထိရောက်မှုမရှိတဲ့ အပိုဆာဒါးတွေက လွှမ်းမိုးနေတယ်။ အင်္ဂလိပ် အက္ခရာ အတိုကောက်ကလည်း မနည်းကြည့်ယူရတယ်။ မြန်မာစာတန်းကလည်း မှန်ဘီလူးနဲ့ ကြည့်ရမယ်။ တိုက်ပွဲမှာ သူ့လူ ကိုယ့်လူ၊ ရန်ဘက် မဟာမိတ် လား ခွဲခြားဖို့ မြင်လွယ်တဲ့ စာလုံးဖောင့် အရွယ်အစား မရှိသင့်တယ်။   ခုတံဆိပ်က ဘာအတွက် ထည့်ထားတာလဲ။ မလိုအပ်ပဲ ဘေးတောင်ပံ နှစ်ခု တပ်လိုက်တော့ အဲဒီအောက်က ဧရိယာ ၂ ခုဟာ ကွက်လပ်တွေ ဖြစ်ပြီး တံဆိပ်ဟာ သေးငယ်သွားတယ်။ တဝက်လောက် ငယ်သွားတယ်။ ကလေးကလား ဖြစ်သွားတယ်။ ဒီကြားထဲ အဖြူရောင် ဘေးသားတွေ ထည့်လိုက်တော့၊ (၁)  letter  (၂) active symbol တွေဟာ ထင်ရှားစွာ effective မဖြစ်တော့ဘူး။ အခြား ERO တံဆိပ်တွေကို လေ့လာကြည့်ပါ။ သူတို့ တံဆိပ်တွေဟာ အဝေးက မြင်သာအောင် ရှင်းလင်းအောင် လုပ်ထားကြတယ်။    တံဆိပ်ဖိုး  ပြောပလောက်အောင် မကုန်ကျပါဘူး။  နိုင်ငံတကာ အမြင်မှာ စစ်ဝတ်စစ်စား မပြည့်စုံတာ နားလည်ပေးလို့ ရပေမယ့်၊ လက်မောင်းတံဆိပ်နဲ့ ဦးထုပ်တံဆိပ်ကိုမျှ professional ကျအောင် မစီမံတတ်ရင် NUG ရဲ့ လုပ်ရည်ကကိုင်အရည်ကို အထင်သေးလိမ့်မယ်။ Google ရှိနေတာပဲ၊ နိုင်ငံအသီးသီးက စစ်ဘက်တံဆိပ်တွေကို ရှာကြည့်ပြီး ဘယ်လို ရေးကြသလဲ သင်ယူသင့်တယ်။ 

ကရောကမယ် အနိုင်ဆုံး လက်မောင်းနဲ့ ဦးထုတ် တံဆိပ် ဝတ်ဆင်ကြပုံ။ 



တဖန် အတောင်ပံမပါတဲ့ မူကွဲ PDF တံဆိပ်မှာ  အနီရောင်က ရောင်ကွဲ ၂ မျိုးဖြစ်နေတယ်။ သွေးမညီဘူး။ အနီနဲ့ အနီဖျော့ ကွဲပြားနေတယ်။  အနီရောင်ဟာ သွေးစည်းညီညွတ်ခြင်းကို ကိုယ်စားပြုတယ်။ တရောင်ထဲဖြစ်သင့်တယ်။  



ဆီကို အပေါက်ရှာ အပြစ်ပြောနေတာ မဟုတ်ပါ။ ဟောဒီအောက်က ပုံလို Smart ကျကျ ဖြစ်စေချင်တာပါ.. ကြယ်ဖြူကို နည်းနည်းကြီးပေးလိုက်ရင် ပိုကောင်းပါမယ်

 


-----------
ဒါက ခေတ်ဟောင်းက လက်မောင်းပတ် ။ အဲဒီလို လက်မောင်းပတ် ဝတ်မယ် မဆိုလို။ ပေါ်လွင်မှုကို လေ့လာဖို့ပါ   ..  အခြား   တဖွဲ့ဟာ မှားယွင်းမှု မဖြစ်အောင် အဝေးအောင် မြင်သာဖို့ ဟာ အဓိက လိုအပ်ချက်ပဲ















Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား