ပြည်သူလူထုဟာ ဘာလဲ။ စတေးခံလား၊ လိုရာသုံးလား၊ အဆုံးဖြတ်ပေးနိုင်သူလား ▪️


ပြည်သူလူထုဟာ ဘာလဲ။ စတေးခံလား၊ လိုရာသုံးလား၊ အဆုံးဖြတ်ပေးနိုင်သူလား ▪️ 
မသီတာ (စမ်းချောင်း)


နိုင်ငံရေးအကြပ်အတည်းတကာ့ အကြပ်အတည်းအားလုံးထဲမှာ နိုင်ငံရေးအရွေ့တွေကို ဦးဆောင်နိုင်သူအစုအဖွဲ့တွေအနေနဲ့ ပြည်သူလူထုအများအပေါ် ဘယ်လိုသဘောထားပြီး နိုင်ငံရေးအရွေ့တွေကို တွန်းကြမလဲဆိုတဲ့ အဆုံးအဖြတ်ပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ ပြောရရင် လူထုကို စတေးခံလို သဘောထားမလား၊ လိုရာသုံးလို့ ယူဆထားလား၊ ဒါမှမဟုတ် အဆုံးအဖြတ်ပေးနိုင်သူလို့ ရှုမြင်လားဆိုတာပေါ့။
စစ်ကောင်စီဟာ နိုင်ငံရေးအရွေ့အတွက် လူထုကို ‘စတေးခံ’လို သဘောထားတာ မြင်ရမှာပါ။ သူ့အာဏာကို လူထုအပေါ်မှာ ကျင့်သုံးနိုင်ဖို့ထက် သူ အာဏာကျင့်သုံးနိုင်ရေးအတွက် လူထုရဲ့ ဆန္ဒမဲတွေကို လျစ်လျူရှုခဲ့သလို လူထုရဲ့အသက်၊အိုးအိမ်၊ စည်းစိမ်နဲ့ လွတ်လပ်မှုတွေကို စတေး ဖို့ကိုသာ ပိုပြီး အားထုတ်နေတာပါ။ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းထားတယ်ဆိုတဲ့တိုင် အာဏာကို ကျင့်သုံးနိုင်နေတာမျိုး မရှိတဲ့အပေါ်မှာ အရှက်ရရ ကောင်းမှန်း မသိဘဲ သူ သွားချင်ဖြစ်ချင်တာကို လူထုက လိုက်ပါနိုင်အောင် စည်းရုံးတာမျိုး၊ သူ့အပေါ် လူထုက လက်ခံလာအောင် ကြိုးစားတာမျိုး မလုပ်ပါဘူး။ အဲဒီအစား သူ လိုချင်တဲ့ နိုင်ငံရေးအရွေ့ဖြစ်တဲ့ ‘(သူ့ကိုယ်သူ) အာဏာလက်ဝယ်ရှိသူဆိုတဲ့ နိုင်ငံရေးအခင်းအကျင်း’အတွက် လူထုရဲ့ သဘောဆန္ဒကိုသာမက ဖြစ်တည်ရှင်သန်မှုကိုပါ စတေးလိုက်ပါတယ်။ ဒီတော့ နိုင်ငံရေးအရွေ့ဟာ လူထုစိတ်ကြိုက် မဖြစ်ရသလို သူ့စိတ်ကြိုက်လည်း ဖြစ်မလာတော့ပါဘူး။
နိုင်ငံရေးအီလစ်တချို့ကလည်း ပြည်သူလူထုကို ‘လိုရာသုံး’လို့ မြင်တတ်ကြပါတယ်။ သူတို့ဟာ အမျိုးမျိုး အဖုံဖုံသော နိုင်ငံရေးအရွေ့ အတွေးအကြံပေါင်းစုံကို တင်သွင်းကြတဲ့အခါ လူထုကို လိုရာသုံးဖို့ လူထုနေနည်းကားတွေကို လက်ချာတွေ ရိုက်ကြပြန်ပါတယ်။ လူထုအကျိုးအလို့ငှာ လူထုကိုယ်စား ပြောဆိုနေရပါတယ်လို့လည်း လူထုကို အသုံးချတတ်ကြပြန်ပါတယ်။ လူထုက အဲဒီလို မဟုတ်ဘဲ သူတို့ စိတ်ကြိုက် မတုံ့ပြန်ကြရင်တော့ လူထုဟာ ဉာဏ်စဉ်မမှီတော့သယောင် အပြောအဆို ခံကြရပြန်ပါတယ်။
▪️ မဲပေးတော့လည်း လူထုက မပျက်ကွက်သင့်၊
▪️ တော်လှန်ရေးအတွက်ဆိုလည်း လူထုကပဲ အရိုးကြေကြေ အရည်ခန်းခန်း လုပ်သင့်၊
▪️ နိုင်ငံတော်သစ် ပေါ်ဖို့အတွက် အခင်းအကျင်း ပြောင်းရမှာမို့ ပေးထားခဲ့ကြတဲ့ မဲတွေကို လျစ်လျူရှုလိုက်ကြဖို့ကိုလည်း လူထုက သဘောတူသင့်။
အဲဒီလို အမျိုးမျိုး လိုရာသုံး အသုံးတော်ခံဖို့ လူထုကိုပဲ မျက်စပစ်နေကြတဲ့ နိုင်ငံရေးအီလစ်တွေလည်း တွေ့မြင်နေရတာပါပဲ။
ဒီတော့ လူထုဟာ စတေးခံလား၊ လိုရာသုံးလား၊ အဆုံးအဖြတ်ပေးနိုင်သူလားဆိုတာကို သဲသဲကွဲကွဲ ဖြစ်အောင် ရှုမြင်တတ်ကြဖို့ လိုနေပါတယ်။ တကယ်တော့ နိုင်ငံရဲ့ ပစ္စုပ္ပန်အတွက်ရော အနာဂတ်အတွက်ပါ လူထုဟာ အဆုံးအဖြတ် ပေးနိုင်သူတွေ ဖြစ်နေကြတာကို မြန်မာ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပတ်သက်နေကြသူတွေအားလုံးက အသိအမှတ်ပြုပေးကြဖို့ လိုနေပါတယ်။ လူထုဟာ သူတို့ ပါဝင်သင့်တယ်လို့ ယူဆတဲ့ ကမ်ပိန်းနဲ့ လှုပ်ရှားမှုတွေကို အင်မတန် တာဝန်ကျေစွာ ပါဝင်ခဲ့တာတွေ ရှိခဲ့တာကို အသံတိတ်သပိတ်တို့ မြန်မာပလာဇာ မသွားရေးတို့မှာ တွေ့ရပါတယ်။ တခြားလှုပ်ရှားမှုတွေ(ကလေးတွေ ကျောင်းမတက်ရေးလိုမျိုး)ကိုတော့ အားလုံးက တပြေးညီ မတုံ့ပြန်ကြတာဟာ လူထုရဲ့ နိုင်ငံရေးရေချိန် နိမ့်နေတာလို့ ဘာသာပြန်ကြမယ့်အစား လူထုဟာ သူတို့ရဲ့ အဆုံးအဖြတ်ကို သူတို့ကိုယ်တိုင် ချမှတ်ဖို့ အားထုတ်လာနေတယ်လို့ မြင်ကြည့်ပေးနိုင်ကြဖို့ လိုပါမယ်။ (ဒီနေရာမှာ သူတို့ရဲ့ အဆုံးအဖြတ် မှန်လား၊မှားလားဆိုတာကို ထည့်မဆွေးနွေးပါဘူး)
လူထုရဲ့ အတွေးအမြင်အပေါ် ကိုယ့်ဩဇာ သက်ရောက်အောင် အားထုတ်ခဲ့ကြတဲ့ထဲမှာ စကစဟာ သူ့အတွက် လိုအပ်တယ်လို့ ယူဆတဲ့ ဝါဒဖြန့််ချိရေးကိုတောင် ရိုးရိုးသားသား မလုပ်နိုင်လို့ လူထုဆီက မယုံကြည်မှုတွေသာ ပြန်ရခဲ့ပါတယ်။ ဒီအဖြစ်ကို သင်ခန်းစာ ယူတတ်ကြမယ်ဆိုရင် လူထုကို လိုရာသုံးအဖြစ် ရှုမြင်ပြီး ကိုယ်က ကောင်းစေချင်လို့၊ ကိုယ်က မှန်တယ် ထင်တာတွေမို့ လူထုက မဖြစ်မနေ လိုက်ပါထောက်ခံသင့်တယ်လို့ တဖက်သတ် မဆုံးဖြတ်လိုက်ကြဖို့ လိုပါတယ်။ လူထုရဲ့ အဆုံးအဖြတ်ကို မှန်မှန်ကန်ကန် ရနိုင်ဖို့ လူထုရဲ့ ဆန္ဒအစစ်အမှန်နဲ့ အတွေးအကြံဟာ ဘာလဲဆိုတာကို သိအောင်၊နားလည်အောင် ကြိုးစားကြဖို့လည်း လိုပါတယ်။ အနာဂတ်မှာ ပိုပြီးကောင်းတဲ့ နိုင်ငံရေးအရွေ့တစ်ခုအတွက် နိုင်ငံရေးအီလစ်တွေက လော်ဘီလုပ်ကြတာတွေကို လူထုက ဘယ်လောက်ထိ လိုက်ပါစီးမျောနိုင်နေသလဲဆိုတဲ့ မြေပြင်အနေအထားကို ဆန်းစစ်ဖို့လည်း လိုပါမယ်။
အဲဒီထက် အရေးကြီးတာက
▪️ လူထုအနေနဲ့ သူတို့သာလျှင် အဆုံးအဖြတ် ပေးနိုင်သူလို့ သူတို့ရဲ့ အခန်းကဏ္ဍအပေါ် ယုံကြည်မှု မပျောက်သွားအောင်လည်း ဂရုတစိုက် လုပ်ပေးကြဖို့ လိုပါတယ်။ ကြီးမားတဲ့ နိုင်ငံရေးအရွေ့အတွက် အခုချက်ချင်း စိတ်ကူးပုံဖော်၊ အခုချက်ချင်း ဆွေးနွေးငြင်းခုန်ပြီး၊ အခုချက်ချင်း အကောင်အထည်ဖော်ဖို့ ခက်ပါမယ်။ အထူးသဖြင့် အဆုံးအဖြတ် ပေးနိုင်တဲ့ လူထုဆီက ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရဖို့အတွက် လူထုကို အချိန်ပေးကြဖို့လည်း လိုပါတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှု မပျောက်ဆုံးအောင် သူတို့ရဲ့ အဆုံးအဖြတ်ဟာ အခရာ ကျတယ်ဆိုတာကို အားလုံးက လက်ခံအသိအမှတ် ပြုပေးဖို့အတွက် စဉ်းစားကြရပါမယ်။
▪️ ဒီကနေ့ နိုင်ငံရေးအရွေ့အတွက် ကတိကဝတ်တွေအကြောင်း ပြောကြတဲ့အခါ နိုင်ငံရေးအီလစ်တွေကြားက ကတိကဝတ်ကိုချည်း ဦးစားပေး ပြောဆိုနေကြတာကို မြင်တွေ့ရပါတယ်။ လူထုဟာ အဆုံးအဖြတ် ပေးနိုင်သူသာ ဖြစ်စေရမယ်ဆိုတဲ့ ကတိကဝတ်ကို နိုင်ငံရေးအီလစ်တွေက အာမ မခံပေးနိုင်ရင် လူထုရဲ့ သူ့အခန်းကဏ္ဍအပေါ် ယုံကြည်ချက်ဟာ အားနည်းလာနိုင်တာကို သတိချပ်ကြစေချင်ပါတယ်။ လူထုဆိုတာ စကစအတွက် စတေးခံဖြစ်ရသလို နိုင်ငံရေးအီလစ်တွေ လိုရာသုံးဖို့ ဖြစ်တည်နေရတာမျိုးလည်း မဖြစ်သင့်ပါဘူး။
ရွေးကောက်ပွဲရလဒ်ကို မပစ်ပယ်ဖို့ ပြောတာဟာ ရွေးကောက်ပွဲမှာ အနိုင်ရသူတွေ (ရွေးကောက်ခံတွေ) အာဏာကျင့်သုံးနိုင်ဖို့ ပြောတာလို့ပဲ နားလည်နေကြတာကလည်း မဲဆန္ဒရှင်လူထုရဲ့ အခန်းကဏ္ဍကို ပစ်ပယ်လျစ်လျူရှုရာ ရောက်နေတာလို့ နားလည်ကြစေချင်ပါတယ်။ မဲဆန္ဒရှင်လူထုကို အနိုင်ပေးလိုက်ဖို့ နိုင်ငံရေးအီလစ်တွေကိုယ်တိုင်က ဝန်လေးနေကြတာမျိုးတော့ မဖြစ်သင့်ပါဘူး။
လက်ရှိတော်လှန်ရေးအဆုံးအဖြတ်အရ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ထောင်ကြဖို့ဆိုတဲ့ နိုင်ငံရဲ့အရွေ့ကြီးအတွက် စကစ ပြုတ်ကျပြီးပြီးချင်း ဖက်ဒရယ်ဒီမိုကရေစီအစိုးရသစ် ပေါ်ထွက်လာနိုင်မှာ မဟုတ်တာလည်း သေချာနေပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပဍိဉာဉ်ဆိုတဲ့ ကြားကာလအတွက် အခြေခံရမယ့်မူလည်း ရှိနေပြီးသားပါ။ ဒီတော့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်တဲ့ အစိုးရဆိုတဲ့ ထွက်ပေါက်မျိုးကို ရွေးကြရင်ပဲဖြစ်ဖြစ်၊ အခုလက်ရှိ လူထုက လက်ခံထားတဲ့ အန်ယူဂျီကိုပဲ သဘောတူကြရင်ပဲဖြစ်ဖြစ် ကြားကာလအစိုးရအဖြစ်သာ အချိန်ကာလ အပိုင်းအခြားတစ်ခုအတွင်း(ပုံမှန်အစိုးရသက်တမ်းထက် တိုတောင်းတဲ့သက်တမ်းမျိုး) တည်ရှိရမှာဖြစ်ပြီး ၂၀၀၈ ခြေဥအရ ဖွဲ့စည်းရမယ့် အစိုးရမျိုး ဖြစ်စရာ မလိုပါဘူး။ (အဲဒီလိုပဲ လွှတ်တော်ဆိုရင်လည်း အစိတ်သား ပါစရာ မလိုတော့တဲ့ ရွေးကောက်ခံများချည်း ရှိတဲ့ လွှတ်တော်မျိုးသာ ဖြစ်ပါမယ်။ လူထုရဲ့ အဆုံးအဖြတ်ကို မပစ်ပယ်သလို အနာဂတ်အတွက် ဘယ်သူမှ မနစ်နာအောင် ရည်ရွယ်ပြီး ကြားကာလအစီအမံကို ခုကတည်းက တင်ကြိုစဉ်းစားတာက ပိုကောင်းပါမယ်။ အနာဂတ် ပိုကောင်းအောင် လူထုရဲ့ အဆုံးအဖြတ်ကို စတေးလိုက်သင့်တယ်ဆိုတာဟာ စကစတွေးနည်းကားမျိုး ဖြစ်နေတာကိုလည်း သတိချပ်ကြရမှာပါ)
အဲဒီကြားကာလအစိုးရရဲ့ တာဝန်ဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အဖြစ် ကျင့်ကြံဆောင်ရွက်ရေး မဟုတ်ပါဘူး။ သူ တာဝန်ယူထားတဲ့ကာလအတွင်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်လာရေးအတွက် လိုအပ်တဲ့ အရေးအရာ မှန်သမျှကို ဆောင်ရွက်ရေးသာ ဖြစ်ပါမယ်။ ပြည်ထောင်စု စုဖွဲ့မလား၊ သီးခြားရပ်တည်ကြမလားဆိုတဲ့ အငြင်းအခုန်များကို စိုးရိမ်ကြောင့်ကြမှုမရှိ ဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းမျိုးကို ဖန်တီးပေးရမယ်၊ အဲဒီအဆုံးအဖြတ်ပေါ် မူတည်တဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေသစ်တွေ(ပြည်ထောင်စုနဲ့ ပြည်နယ်များ)ကို ရေးဆွဲပြီး လူထုဆန္ဒ ခံယူပွဲ လုပ်ပေးရမယ်၊ အဲဒီခြေ/ဥနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲဥပဒေသစ်ကို ပြဌာန်းပေးရမယ်၊ ရွေးကောက်ပွဲကော်မရှင်အသစ် ဖွဲ့ပေးရမယ်၊ တပြိုင်တည်းမှာပဲ လက်နက်ကိုင်အစုအဖွဲ့တွေနဲ့ ပတ်သက်တဲ့ ရေရှည်အစီအမံတွေကို ဆောင်ရွက်ရမယ်။ အဲဒီလို ကြားကာလအုပ်ချုပ်မှုဆိုင်ရာ တာဝန်တွေကိုသာ ဆောင်ရွက်ရမှာပါ။ အဲဒီအလွန်ကျမှသာ တကယ့်နိုင်ငံရေးအရွေ့က ဖြစ်လာမှာပါ။
ဒီတော့ ဒီကြားကာလတာဝန်တွေ ထမ်းဆောင်ရမှာမို့ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ ရွေးကောက်ပွဲအဆုံးအဖြတ်ကို အသိအမှတ် ပြုပေးတဲ့အ‌နေနဲ့ ရွေးကောက်ပွဲရလဒ်အတိုင်း အစိုးရနဲ့ လွှတ်တော်ကို ဖွဲ့စည်းတာဝန်ယူစေရမယ်ဆိုရင်လည်း (အထက်မှာ ပြောခဲ့သလို စီမံထားနိုင်တာမို့) နိုင်ငံနဲ့ လူထုအတွက် ဘာမှ ကြီးကြီးမားမား နစ်နာစရာ မရှိနိုင်ဘူးလို့ မြင်ကြစေချင်ပါတယ်။ တော်လှန်ရေး ပြီးတာနဲ့ ဖက်ဒရယ်ဒီမိုကရေစီအစိုးရသစ် ချက်ချင်းမပေါ်ထွက်နိုင်သေးမှာက လက်တွေ့ အမှန်တရားပါပဲ။ ဒီတော့ တစ်ဆင့်ချင်း လှမ်းရမယ့် ခြေလှမ်းတွေကြားမှာ လူထုကို လိုရာသုံးကြမယ့်အစား သူတို့ရဲ့ အဆုံးအဖြတ်ကို အနိုင်ပေးလိုက်ဖို့ ထည့်သွင်းစဉ်းစားကြရမှာပါ။ လူထုက သူတို့ရဲ့ အဆုံးအဖြတ်ပေးနိုင်သူဆိုတဲ့ အခန်းကဏ္ဍကို သူတို့ကိုယ်တိုင် လက်ခံယုံကြည်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဒီယုံကြည်မှုကို မပေးနိုင်ရင် နောင်မှာ နိုင်ငံရေးအီလစ်တွေအပါအဝင် နိုင်ငံရေးလှုပ်ရှားကြသူတွေရဲ့ လူထုအပေါ် ဩဇာသက်ရောက်နိုင်မှုဟာလည်း ထိခိုက်လာစရာပဲ ရှိပါတယ်။
တကယ်တမ်း ရွေးကောက်ပွဲတွေမှာ အမတ်ဆိုတာ ရွေးကောက်ခံရသူသာ ဖြစ်ပြီး အနိုင်ရသူဟာ မဲဆန္ဒရှင်လူထုသာ ဖြစ်ပါတယ်။ သူ့အဆုံးအဖြတ်ဟာ အတည်ဖြစ်တယ်၊ သူ့အဆုံးအဖြတ်ကို အသိအမှတ်ပြုတယ်ဆိုတာရဲ့ (အနိုင်)ရလဒ်အဖြစ်သာ ရွေးကောက်ခံတွေက သက်ဆိုင်ရာတာဝန်တွေကို ထမ်းရွက်ခွင့် ရကြရတာပါ။ ရွေးကောက်ခံတွေကလည်း ငါတို့က အနိုင်ရလို့ လူထုအပေါ် အာဏာကျင့်သုံးခွင့်ရတာလို့ တွေးနေကြရင် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း ဖြစ်ဖို့ ခက်ခဲသွားမှာပါ။ လူထုကို အနိုင်မပေးနိုင်သရွေ့ ဘယ်နိုင်ငံရေးသမားမှ လူထုရဲ့ အခက်အခဲကို ဖြေရှင်းမပေးနိုင်သလို လူထုရဲ့ ယုံကြည်စွာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း မရနိုင်ပါဘူး။
ဒီတော့ လူထုကို အဆုံးအဖြတ်ပေးနိုင်သူအဖြစ် အနိုင်ပေးနိုင်ကြပါစေလို့သာ ဆုတောင်းပါတယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား