သမိုင်းထဲက ဒီနေ့ ( သို့မဟုတ် ) ကရင်အမျိုးသားနေ့
- စိုင်းထွန်းအောင်လွင်
- ဘီဘီစီမြန်မာပိုင်း
- ၁၁ ဖေဖော်ဝါရီ ၂၀၁၈
ကရင်အမျိုးသားနေ့ဆိုတာက ကရင်ပြည်ရရှိရေးအတွက် တနိုင်ငံလုံးက ကရင်တိုင်းရင်းသားတွေ ဆန္ဒပြခဲ့တဲ့ နေ့ရက်ကို ဆိုလိုတာ ဖြစ်ပါတယ်။
ဒုတိယ ကမ္ဘာစစ်ပြီးချိန်ကစလို့ ကရင်တိုင်းရင်းသားတွေဟာ ကရင်ပြည်ရရှိရေးအတွက် တောင်းဆိုခဲ့ကြရာမှာ လွတ်လပ်ရေးရချိန်မှာတော့ ပြည်နယ်အဆင့်ပင်မရတဲ့ ကရင်တွေရဲ့ အမျိုးသားရေးလှုပ်ရှားမှုက အားအကောင်းဆုံး အခြေအနေကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ဘီအိုင်အေ ဝင်ကတည်းက ကရင်အချို့နဲ့ ဘီအိုင်အေတပ်ဖွဲ့အချို့တို့အကြား ဆက်ဆံရေးတင်းမာမှုတွေ ရှိခဲ့ပြီး ဒေသအချို့မှာ ပဋိပက္ခတွေ ဖြစ်ခဲ့ရပါတယ်။နောက်ဆက်တွဲအနေနဲ့ တချို့ဒေသတွေမှာ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခအချို့ လည်း ဆက်ဖြစ်ခဲ့ရတာပါ။ ဒါပေမဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမြော်အမြင်ရှိမှုကြောင့် ပဋိပက္ခတွေကို ဆက်မပြန့်ပွားအောင် ထိန်းထားနိုင်ခဲ့သလို ကရင်ခေါင်းဆောင်အချို့နဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ဖဆပလ အဖွဲ့အတွင်းက တချို့ခေါင်းဆောင်တွေနဲ့ ကေအန်ယူတို့အကြား ယုံကြည်မှု လျော့နည်းလာခြင်းနဲ့ အောင်ဆန်းအက်တလီစာချုပ်လို ကိစ္စတွေကြောင့် ၁၉၄၇ ခုနစ်မှာ ကေအန်ယူ ဥက္ကဋ္ဌ ဖြစ်လာတဲ့ စောဘဦးကြီးနဲ့ ကရင်အမျိုးသားအစည်းအရုံးဟာ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲနဲ့ အစည်းအဝေးကို သပိတ်မှောက်ဖို့ ဖြစ်လာခဲ့ပါတယ်။
အောင်ဆန်းအက်တလီ စာချုပ်မှာ နယ်ခြားဒေသတွေကို ဗမာပြည်မနဲ့အတူ လွတ်လပ်ရေးယူမယူဆိုတာ တောင်တန်းဒေသခေါင်းဆောင်တွေနဲ့ ဖဆပလခေါင်းဆောင်တွေအကြား ပင်လုံ ကွန်ဖရင့်မှာ ဆွေးနွေးဖို့ဆိုတာ ပါပေမဲ့ အင်္ဂလိပ်ခေတ် မှာ သီးခြားအုပ်ချုပ်ရေး မရတဲ့ ကရင်တွေအဖို့ ပင်လုံမှာ လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ ( သံလွင်ခရိုင်ဆိုပြီး အင်္ဂလိပ်ခေတ်က ဒေသတခုရှိပေမဲ့ ( လက်ရှိ ကရင်ပြည်နယ် ဖားပွန်ဒေသ ) ရှိပါတယ်။ ဒါပေမဲ့ အလွန် သေးငယ်ပြီး ကရင်လူမျိုးတွေပျံ့နှံ့နေထိုင်တဲ့ အခြားဒေသတွေလောက် စီးပွားရေးနဲ့လမ်းပန်းဆက်သွယ်မှု မကောင်းတဲ့ ဒေသသာဖြစ်ပါတယ်။ )လေ့လာသူတွေကတော့ ပင်လုံစာချုပ်မှာ ကရင်မပါနိုင်မှုဟာ အနာဂတ်ပြည်ထောင်စုအတွက် ချုပ်ဆိုတဲ့ ပင်လုံစာချုပ်ရဲ့ အားနည်းမှု ဖြစ်ခဲ့ရတယ်လို့ သုံးသပ်ကြပါတယ်။
ကရင်ကိုယ်စားလှယ်တချို့ရဲ့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ အချက်ကို ကြည့်မယ်ဆိုရင် အင်္ဂလိပ်အစိုးရနဲ့ ဆွေးနွေးရာမှာ ကရင်ကိုယ်စားလှယ် မပါခြင်း ၊ စာချုပ်ချုပ်ဆိုမှုမှာ ကရင်ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်မရမှု ၊ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ကရင်ကိုယ်စားလှယ်အရေအတွက် နည်းပါးလွန်းမှု ၊ တိုင်းပြည်ပြည်ပြု အစည်းအဝေးတွေမှာ ကရင်ပြည်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှု မပါရှိမှု စတဲ့အချက်တွေကိုအခြေခံခဲ့တာဖြစ်ပါတယ်။
အဲဒီအချက်တွေ ရရှိဖို့အတွက် အင်္ဂလိပ်အစိုးရထံ တောင်းဆိုခဲ့ပြီး ၁၉၄၇ ခုနစ် မတ်လ ၃၁ ရက်နေ့ နောက်ပိုင်းအထိ လက်ခံကြောင်း အကြောင်းမကြားခဲ့တဲ့အတွက် ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ဟာ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စောဘဦးကြီးဟာ အစိုးရအဖွဲ့ ဝန်ကြီးရာထူးကနေလည်း နှုတ်ထွက်ခဲ့ပါတယ်။ အောင်ဆန်းအက်တလီစာချုပ်ကိုလည်း ဆန့်ကျင်ခဲ့ ပါတယ်။
ဒါပေမဲ့လည်း ကရင်လူငယ်အဖွဲ့ဟာ ရွေးကောက်ပွဲဝင်ခဲ့တဲ့အတွက် တိုင်းပြုပြည်ပြုရွေးကောက်ပွဲဟာ ရွေးကောက်ပွဲမှာ ကရင်အနည်းငယ်ပါဝင်ပြီး အထမြောက်သလို ဖြစ်ခဲ့ရပါတယ်။
လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနစ် ဖေဖော်ဝါရီလ (၃) ရက်နေ့မှာတော့ ကေအန်ယူဟာ ဦးနုဖဆပလ အစိုးရထံ ကရင်ပြည်သတ်မှတ်ပေးဖို့ စာရေးသားတောင်းဆိုခဲ့ပါတယ်။
အဲဒီစာမှာ မတ်လ ၃ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ကြားစာ မရရှိပါက ( ဒါမှမဟုတ် ) ကရင်ပြည် သတ်မှတ်ဖို့ ငြင်းဆန်ပါက ခြေတလှမ်းတက်မယ်လို့ ပါရှိပါတယ်။
တောင်းဆိုမှုကို ပိုမိုလေးနက်စေဖို့အတွက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မြန်မာတပြည်လုံးက ကရင်လူထုတွေဟာ မြို့ကြီးတွေမှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ် ။ အဲဒီလူထု ဆန္ဒပြပွဲမှာ အဓိက တောင်းဆိုခဲ့တဲ့ အကြောင်းအရာတွေကတော့ လွတ်လပ်တဲ့ ကရင်ပြည် ချက်ချင်းပေးဖို့ ၊ ကရင်တကျပ် ဗမာ တကျပ် ( တန်းတူရေးနဲ့ ဒီမိုကရေစီ ) ၊ လူမျိုးရေး အဓိကရုဏ်း အလိုမရှိကြောင်းနဲ့ ပြည်တွင်းစစ် အလိုမရှိကြောင်း တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ လူထုဆန္ဒပြပွဲမပေါ်ပေါက်ဖို့ ဖဆပလ ဦးနု အစိုးရဟာ နည်းလမ်းမျိုးစုံနဲ့ ဟန့်တားခဲ့ပေမဲ့ ကရင်သမိုင်းတလျှောက်အကြီးမားဆုံး လူထုဆန္ဒပြပွဲပေါ်ပေါက်ခဲ့ရတာလည်း ဖြစ်ပါတယ်။
၁၉၅၃ ခုနစ် နိုဝင်ဘာလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ဖာပွန်မှာ ကျင်းပတဲ့ ကော်သူလေးပြည်လုံးဆိုင်ရာ ကွန်ဂရက်ကနေ ကရင်လူထုက ကရင်ပြည်ရရှိရေး ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကို ကရင်အမျိုးသားနေ့အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
Comments
Post a Comment