ပေါလစ်ဗျူရို NUCC အတွက် ရေတိမ်နစ်ခဲ့ရသော ဒီမိုကရေစီ | စစ် မော်

ပေါလစ်ဗျူရို NUCC အတွက် ရေတိမ်နစ်ခဲ့ရသော ဒီမိုကရေစီ | စစ် မော်

အခု နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ရှိနေပါတယ်ဆိုတဲ့ နိုင်ငံရေးအစုအဖွဲ့တွေကို သရုပ်ခွဲကြည့်ရင် ရှိနှင့်ပြီးသား ဒီမိုကရေစီအင်စတီကျူးရှင်းတွေကို ထိထိရောက်ရောက် အသုံးချနိုင်ခြင်း မရှိဘူး၊ နိုင်ငံရေးအရ နေရာဦးလိုမှုတွေကြောင့် ဒီမိုကရေစီအင်စတီကျူးရှင်းတွေ ရေတိမ်နစ်ခဲ့ရတယ်။ အထောက်အထားပြပါ့မယ်။ 

ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူ့အာဏာ ပြည်သူ့ထံက ဆင်းသက်တယ်။ ပြည်သူတွေက သူတို့ကို ကိုယ်စားပြုမယ့် လူတွေကို ရွေးချယ်ခြင်းအားဖြင့် အုပ်ချုပ်တဲ့ စနစ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ အကျယ်ပြန့်ဆုံး ဒီမိုကရေစီကို ကိုယ်စားပြုထားနိုင်တဲ့ အနီးကပ်ဆုံး (the most recent result) ရလဒ်ပဲ။ အဲဒီ ရလဒ်ကနေ ပေါ်ပေါက်ထားတဲ့ ပြည်ထောင်စုလွှတ်တော် ဆိုတာ အခိုင်မာဆုံးသော ဒီမိုကရေစီ အင်စတီကျူးရှင်းပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဒီ အင်စတီကျူးရှင်းတွေဟာ တရားမျှတစွာနဲ့ပဲ ရပ်တည်နိုင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၂၀ ရလဒ်နဲ့က ချိတ်တွဲလို့ မရဘူး။ 

၂၀၀၈ အောက်မှာကျင်းပသည်ဖြစ်စေ၊ ၂၀၀၈ ဆိုတာ လုံးဝမရှိသည့်တိုင် အချိန်တစ်ခုမှာ နယ်မြေစိုးမိုးမှုရှိထားလို့ de facto legitimacy ရထားတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ခုခုက အမိန့်၊ ညွှန်ကြားချက်၊ ဥပဒေတွေ ပြဋ္ဌာန်းလို့ ပြုလုပ်ပေးတဲ့ ရွေးကောက်ပွဲပဲဖြစ်ဖြစ်၊ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပအောင်မြင်တယ်ဆိုရင် အဲဒီက ထွက်လာတဲ့ ရလဒ်ဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားအပြုနိုင်ဆုံးပဲ။ ၁၉၉၀ ရလဒ်ဟာလည်း ဒီအတိုင်းပဲ။ ဒါကို ယှဉ်ပြိုင်နိုင်တဲ့ ကိုယ်စားပြုမှု မရှိဘူး။ ဒါကို ၂၀၀၈ ကြီးကို မကြိုက်လို့ဆိုပြီး ဒီမိုကရေစီနည်းကျ ထွက်လာတဲ့ ရလဒ်ကို ကဖျက်ယဖျက် လုပ်လို့မရဘူး။ လုပ်ရင် ဒီမိုကရေစီကို ဖျက်ဆီးသူပဲ။ 

“ပြည်ထောင်စုလွှတ်တော်” ဆိုတာ အခေါ်ဝေါ်ပဲ။ ၂၀၀၈ ကို လက်မခံလို့၊ ပြည်ထောင်စုလွှတ်တော်ရဲ့ အခန်းကဏ္ဍကို ချောင်ထိုးချင်တာမျိုးဆိုတာ တမင် ကပ်တီးကပ်ဖဲ့နဲ့ အကြောင်းပြတာမျိုး။ ပြည်ထောင်စုလွှတ် တော်လို့ မခေါ်ဘဲ အခြား ကြိုက်တဲ့ အမည်နာမတပ်ခေါ်ပါစေ၊ ပြည်သူတွေက တိုက်ရိုက်ရွေးချယ်ထားခြင်းခံထားရတယ်ဆိုတဲ့ သူ့ရဲ့ အနှစ်သာရကတော့ ပြောင်းလဲသွားဖို့ မရှိဘူး။ 

ဥပမာ တစ်ခု ပြောကြဦးစို့ - မင်းအောင်လှိုင်က သူ့ကိုယ်သူ ဝန်ကြီးချုပ်လို့ ခေါ်ခေါ်၊ နစက ဥက္ကဌလို့ခေါ်ခေါ် ဥပဒေကို ချိုးဖောက်ပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ထားတဲ့ စစ်ဗိုလ်ချုပ်ဆိုတဲ့ ဝိသေသ/အနှစ်သာရက ပြောင်းလဲသွားလို့လား?? 

တရားဥပဒေစိုးမိုးရေး (rule of law) မှာလည်း သဘောတရားတစ်ခု ရှိတယ်။ သက်ဆိုင်ရာလွှတ်တော်များက ပြဋ္ဌာန်းတဲ့ ပြဋ္ဌာန်းဥပ‌ဒေရှိက အဲဒီ ဥပဒေနဲ့ ဆုံးဖြတ်ရပြီး၊ အကြောင်းအမျိုးမျိုးကြောင့် ပြဋ္ဌာန်းဥပဒေမရှိပါက ရှိနေဆဲ ထုံးတမ်းစဉ်လာ ဥပဒေများနဲ့ ဆုံးဖြတ်ကြရတယ်။ ဘာလို့တုန်းဆိုတော့ ပြီးပြည့်စုံသောလောက (perfect world) ဆိုတာ ဘယ်အခါမှ မရှိနိုင်လို့ပဲ။ 

အခုလည်းဒီလိုပါပဲ - ၂၀၀၈ ကြောင့် ပြည်ထောင်စုလွှတ်တော်ဟာ ပြီးပြည့်စုံနေတဲ့ အသွင်မဟုတ်သည့်တိုင် (အမေရိကန် ကွန်ဂရက်စ်လို၊ ဗြိတိသျှပါလီမန်လို မဖြစ်နေသည့်တိုင်) လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကနေ ပေါ်ပေါက်လာတဲ့ အင်စတီကျူးရှင်း ဖြစ်တဲ့အတွက် ၂၀၀၈ ရှိရှိ၊ မရှိရှိ ပြည်ထောင်စုလွှတ်တော်ကိုသာ နိုင်ငံရေးကိုယ်စားပြုမှု အမြင့်ဆုံးအဖွဲ့အစည်းအဖြစ် သတ်မှတ်ကြရမှာပါပဲ။

တစ်ဖက်မှာတော့ စနစ်ပြောင်း နွေဦးတော်လှန်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီလို့ တွင်တွင်ပြောပြီး တစ်ဖက်မှာကျတော့ (ဒီနေ့အထိ မြန်မာပြည်မှာ) ဘယ်ရှုထောင့်နဲ့ပဲကြည့်ကြည့် ဒီမိုကရေစီနည်းအကျဆုံး ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် ပေါ်ပေါက်ထားရတဲ့ ၂၀၂၀ ရလဒ်ကိုမှ လက်မခံချင်တာ၊ ချောင်ထိုးချင်တာ၊ ပြည်ထောင်စုလွှတ်တော်ကို မည်ကာမတ္တလောက်ပဲ ဟန်ရေးပြခိုင်းပြီး၊ နိုင်ငံရေးပါဝါ လုပ်ငန်းတွေမှာ ထိထိရောက်ရောက် အသုံးမပြုတာမျိုးတွေဟာ “ဖက်ဒရယ်ဒီမိုကရေစီ” ကို ဟန်ပြလောက် သကာရည်လောင်းထားတာနဲ့ ဘာမှ မထူးဘူး။  

ဆိုလိုချင်တာက - ပေါ်ပေါက်ပြီးသား ဒီမိုကရေစီအင်စတီကျူးရှင်းကို အလေးအနက်ပြုပြီး ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ဆိုတဲ့ အချက်ပဲ။ ရှိပြီးသား/ပေါ်ပေါက်ပြီးသား ဒီမိုကရေစီအင်စတီကျူးရှင်းကို အားကောင်းသထက် ကောင်းအောင်၊ ရှေ့ရောက်သထက်ရောက်အောင်မလုပ်ဘဲ၊ ဒီမိုကရေစီစံနှုန်းနဲ့ ညီညွတ်မှုမရှိတဲ့ အစုအဖွဲ့တွေကို (ဥပမာ NUCC) အတင်းရော အကာရော စုဖွဲ့ပြီး ပေါလစ်ဗျူရိုလို ရပ်တည်ကျင့်သုံးခွင့်ပေးနေတာ မြင်ရတော့ တော်တော်လေးကို စိတ်ပျက်ဖွယ်ပါ။ 

NUCC မှာ de jure ရော de facto ရောရှိတယ်ဆိုပြီး ပြောတာ မမှန်ဘူး။ de jure က ပြည်ထောင်စုလွှတ်တော်မှာ ရှိပြီးသား။ သူ့ကို ကိုယ်စားပြုထားတဲ့ CRPH မှာ ရှိပြီးသား။ NUG မှာလည်း de jure ရှိတယ်။ de facto ဆိုတာ အီးအေအို ကိုပဲ ပြောလို့ (ရကောင်း) ရမယ်။ ဒါတောင် ဘယ် အီးအေအို တစ်ဖွဲ့တည်းကမှ ပြည်တယ် တစ်ခုလုံးကို လွှမ်းမိုး ချုပ်ကိုင်ထားနိုင်မတာမျိုး မရှိဘူး။ အီးအေအို အချင်းချင်းသော်လည်းကောင်း၊ စစ်တပ်နဲ့သော်လည်း‌‌ကောင်း နယ်မြေတွေ မျှဝေထိန်းချုပ်ထားကြတာ။

ကျန်တဲ့ အရပ်ဖက်အဖွဲ့အစည်းများမှာ de facto ကိုယ်စားပြုခွင့်၊ တရားဝင်မှု ဆိုတာ မရှိဘူး။ ကိုယ့်ဘာသာကိုယ် ဆန္ဒအလျောက်ဖွဲ့စည်းထားတဲ့ အဖွဲ့တွေကို legitimacy ရှိပါတယ်လို့ ဘယ်လိုမှ ပြောလို့ကိုမရတာ။ ဆန္ဒအလျောက် ဖွဲ့စည်းထားတဲ့ CSO တွေကို ဘယ်ပြည်သူကမှ သူတို့ကိုယ်စား နိုင်ငံ့ရေးရာတွေ ဆွေးနွေးနိုင်ပါတယ်လို့ အခွင့်အာဏာ အပ်နှင်းမထားဘူး။ သူတို့သည် ပြည်သူထဲက ပြည်သူများသာပဲ။

တစ်ကယ်တော့ နွေဦးတော်လှန်ရေးဟာ သာမန် အရပ်ဖက်အဖွဲ့အစည်းများက စုပေါင်းပြီး လုပ်ဆောင်တဲ့ လှုပ်ရှားမှု အသွင်ထက်ပိုခဲ့တဲ့ ဝိသေသတွေ ရှိခဲ့တယ်။ တော်လှန်ရေးအစကတည်းက အင်စတီကျူးရှင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေ ထုနဲ့ထည်နဲ့ ရှိခဲ့တာ။ ထိထိရောက်ရောက်သုံးဖို့ အရန်သင့်ပဲ။ ဒီမိုကရေစီကျတာလည်း ဘာကျတုန်း မမေးနဲ့။ သို့ပေမယ့် နိုင်ငံရေးအရ အမြတ်ယူလိုမှုတွေ၊ နေရာဦးထားချင်မှုတွေ၊ လက်ဦးမှုယူထားတာတွေကြောင့် ဒီမိုကရေစီအင်စတီကျူးရှင်းတွေဟာ၊ ဒီမိုကရေစီဟာ ရေတိမ်နစ်ခဲ့ရပါတယ်။

ဥပဒေပြုရေးမှာ ပြည်ထောင်စုလွှတ်တော်ရှိတယ်။ တော်လှန်ရေး context အရ မြန်မြန်ဆန်ဆန် လုပ်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်ကို ကိုယ်စားပြုထားတဲ့ CRPH ရှိတယ်။ အုပ်ချုပ်ရေး (တော်လှန်ရေး context မှာတော့ တော်လှန်ရေး လုပ်ငန်းစဉ်များအကောင်အထည်ဖော်တဲ့ အဖွဲ့) မှာဆိုရင် NUG ရှိတယ်။ ပြီးတော့ အီးအေအိုတွေနဲ့ မဟာမိတ်ဆက်ဆံရေးတွေ တည်ဆောက်ပြီး လက်နက်ကိုင်တော်လှန်ရေး နဲ့ လွတ်မြောက်နယ်မြေများအတွက် လှုပ်ရှားမှုတွေ လုပ်နိုင်တယ်။ 

အဲဒီလို အခွင့်အရေးတွေ မရှိလို့၊ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ မရှိလို့ NUCC ဆိုတာကို ပေါလစ်ဗျူရိုလို ဖွဲ့စည်းရပါတယ်ဆိုရင်လည်း ကြောင်းကျိုးညီညွတ်နိုင်သေးတယ်။ အခုဟာက ဒါတွေ ရှိခဲ့ပါရဲ့သားနဲ့ NUCC ဆိုတဲ့ စုဖွဲ့မှုကို နိုင်ငံရေးအရ အဆီအငေါ်မတည့်စွာနဲ့ လုပ်ခဲ့ကြတာဟာ သမိုင်းတရားခံဖြစ်မယ့် လုပ်ရပ်ပါပဲ။ 

NUCC ဆိုတဲ့ စုဖွဲ့မှု လိုအပ်ပါတယ်။ ကဏ္ဍစုံက ပါဝင်သူများ ပါဝင်ရမယ်။ ဆုံးဖြတ်ချက်လည်း အထိုက်အလျောက်ချခွင့်ရှိရမယ်။ သို့ပေမယ့် NUCC ရဲ့ အခန်းကဏ္ဍဟာ နာမည်နဲ့လိုက်အောင်ပဲ “အကြံပေး” “အတိုင်ပင်ခံအဖွဲ့” အနေနဲ့ပဲ ရှိရမယ်။ နည်းပညာအထောက်အကူပေးရမယ်။ သို့တည်းမဟုတ် ကဏ္ဍစုံက ပါဝင်သူများ တွေ့ဆုံဆွေးနွေး အဖြေရှာရာနေရာ “နိုင်ငံရေးဆွေးနွေးတဲ့နေရာ” (political dialogue space) ပဲ ဖြစ်ရမယ်။ 

အခုတော့ အရမ်းရုပ်ပျက်တဲ့ ကိစ္စက ပါဝါ နိုင်ငံရေးမှာ မလျော်မကန်တဲ့ စုဖွဲ့မှုကို လုပ်ပြီး လွှတ်တော်၊ အစိုးရတို့ အထက်ကနေ မူဝါဒ ရေးရာ ကြိုးကိုင်ဆိုပြီး ပေါလစ်ဗျူရိုလိုမျိုး လုပ်နေတာမျိုး၊ လွှတ်တော်တို့၊ အစိုးရတို့က ပြန်ပြီး အစီရင်ခံနေရတာမျိုးပါပဲ။ ဒီမိုကရေစီ အခြေခံမူတွေနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။ 
တစ်ကယ်တော့ အစိုးရက အစီရင်ခံရမှာ ပြည်ထောင်စုလွှတ်တော်ကိုပဲ ဖြစ်တယ်။ 

ခြုံငုံရရင် - ၂၀၂၁ ဧပြီ/မေ လောက်ကစလို့ NUCC စုဖွဲ့မှုတွေလုပ်ဖို့ အကျိတ်အနယ်တွေ ဆွေးနွေးခဲ့ကြရာမှာ နိုင်ငံရေးအရ လက်ဦးမှုယူချင်တဲ့၊ နေရာဦးထားချင်တဲ့ (နယ်စပ်ကအများစုပါတယ်) စုအဖွဲ့တွေရဲ့ ထိုးနှက်မှုတွေ၊ လှည့်ဖျားမှုတွေကို ကြံ့ကြံ့ခံ ရင်မဆိုင်ခဲ့ချင်ကြတဲ့အတွက် ဆွေးနွေးမှုတွေအတွင်း အလွန်အမင်း လိုက်လျောမှုတွေပြုခဲ့ကြတဲ့ လုပ်ရပ်တွေ ကြောင့်ပါပဲ။ ပြီးတော့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေအကြား တာဝန်ခံမှု၊ တာဝန်ယူမှု မရှိ၊ ရပ်ခံပေးမှုမရှိဘဲ ခေါင်းမခံချင်ကြတဲ့၊ ရှောင်ထွက်ချင်ကြတဲ့၊ အသံတိတ်အေးရော ဆိုတဲ့ အလွယ်လမ်းကို လိုက်ခဲ့ကြတဲ့၊ ဆုံးဖြတ်ချက်အမှားများကြောင့်ပါပဲ။ 

အခုတော့ နောက်ကျလွန်းမကနောက်ကျခဲ့ပြီမို့၊ ဒီလိုပဲ တစ်ခြမ်းပဲ့ စုဖွဲ့မှုတွေနဲ့ ဒရွတ်တိုက် ဆက်ပြီး လျှောက်သွားကြရပါလိမ့် ဦးမယ်။ အစကတည်းက ယဉ်သကို ဖြစ်ခဲ့ကြတဲ့အတွက် ကိုယ့် လိုအပ်ချက်ကို၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်အမှားကို ကျတော့ ဒီနေ့အထိ တာဝန်မခံချင်ဘဲ၊ မှားခဲ့တဲ့ ဆုံးဖြတ်ချက်တွေကနေ ဖြစ်လာတဲ့ အကျိုးဆက်တွေကို ဝိုင်းပြီး မခံရကောင်းလား၊ ညီညွတ်မှုမရှိရကောင်းလား၊ စကားတွေ များနေရကောင်းလားဆိုပြီး တစ်ဖက်သတ် တွေးခေါ်/ယူဆ နေတာမျိုးဟာ အလွန်အတ္တကြီးပြီး၊ တာဝန်မဲ့တဲ့ လုပ်ရပ်မျိုးတွေပဲ ဖြစ်ပါတယ်။ 

ဒါတွေကို သိသူတွေ နာမည်နဲ့တကွ၊ အစည်းအဝေးမှတ်တမ်းနဲ့တကွ၊ ဆွေးနွေးချက်များနဲ့တကွ သိကြပါတယ်။ သမိုင်းမှတ်တမ်း ကျန်ရစ်ကြဦးမှာပါ။

Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း