EAO တွေ ရွေးရမယ့် လမ်း

EAO တွေ ရွေးရမယ့် လမ်း (13 May 2023)

တလောက TNLA က လက်ဖက် လုပ်ငန်း တိုးတက်စေဖို့ အခွန်ကင်းလွတ်ပေးမယ်၊ လက်ဖက်ကို တိုးချဲ့ စိုက်ပျိုးကြကြဖို့ သတင်း ဖတ်ရတယ်။ နောက်သတင်း တပုဒ်က UWSA နယ်မြေမှာ သံဖြူ အထွက်နုန်းကျဆင်းလာပြီး အနာဂတ်အလားအလာ မကောင်းဘူး ဖတ်ရတယ်။

ဘိန်း၊ မူးယစ်ဆေးကို မှီခိုနေရတဲ့ ဒေသတွေဟာ သံယံဇာတ တူးဖော်ရေးကို မှီခိုလာရတယ်။ ငွေဖြစ်လွယ်မယ့် နောက်တနည်းက လောင်းကစားဝိုင်းတွေ ပဲ။ တရုပ်နယ်စပ်က EAO တွေသာမက ထိုင်းနယ်စပ်အထိ လောင်းကစားမြို့ တည်လာတယ်။

ဒါတွေဟာ မိမိလူမျိုး ဂုဏ်သိက္ခာ၊ အကျင့်စာရိတ္တ ကို ဖျက်ဆီးရုံသာမက တော်လှန်ရေး ကိုပါ ဆွဲချ အညွန့်ချိုးလိုက်တာပဲ။ အခုဆိုရင် ပါးစပ်က မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်ကြအော်ပြီး တကယ့် ဘဝမှန်က ဒုစရိုက်သမားတွေ ဖြစ်နေကြရတယ်။ သံယံဇာတ ဈေးကွက်ကလည်း တရုတ်ကလွဲရင် ဝယ်မယ့်သူ မရှိ၊ ဒီတော့ ဈေးနှိမ်ခံရတယ်။ များများထုတ်ရောင်းရတယ်။ မြန်မြန် ကုန်တယ်။

ရှေ့လာမယ့် ကာလတွေဟာ သံယံဇာတ ခန်းခြောက်မယ်၊ ရာသီဥတု ဖောက်ပြန်မယ်။ မူးယစ်ဆေးနဲ့ လောင်းကစားဝိုင်းတွေကလည်း တရုတ်၊ ထိုင်း အစိုးရပေါ်လစီတွေက ကြပ်လာပြီ။ လူငယ်လူလတ်တွေဟာ စစ်သား လုပ်နေရတော့ စိုက်ပျိုးကုန်ထုတ်မယ့် စွမ်းအားထု မရှိ၊ တင်ကြွေးထားဖို့ ဝန်ထုပ်ကြီး ဖြစ်နေတယ်။ အောက်ခြေမှာ အခွန် အခ ဆက်ကြေးပိရင်း မွဲသထက် မွဲလာတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ကို ခုခံနိုင်ဖို့ စစ်တပ်ကြီးတွေ ကိုယ်စီ တည်ဆောက်ကြရတယ်။ မြန်မာစစ်တပ်ကလည်း ယခင်က ကြည်းတပ်အခြေပြု ဗျူဟာက လေကြောင်းကို ပြောင်းလဲလာတယ်။ အဲဒီဘက်ကို ရင်းနှီးမြုပ်နှံလာတယ်။

EAO တွေဟာ ကြည်းတပ်တွေကို ကျွေးမွေးထားရတဲ့ စားရိတ်၊ လက်နက်ခဲယမ်း စားရိတ်အပြင် လေကြောင်းကာကွယ်ရေး စားရိတ်တွေဟာ တနှစ်ထက် တနှစ်တိုးတက်လာတယ်။ မြန်မာစစ်တပ်က လေကြောင်းကို ပိုမိုတိကျ၊ ပိုမို ထိရောက်တဲ့ နည်းပညာတွေကို ( တရုပ်က မပေးရင်တောင်) ရုရှဆီက ရယူလာလိမ့်နယ်။ အဲဒီအခါ EAO တွေဟာ ခုခံနိုင်စွမ်း တဖြည်းဖြည်း ကျဆင်းလာလိမ့်မယ်။

တဖက်ကလည်း စီးပွားရေး ဝင်ငွေ ကျဆင်းလာ၊ တဖက်ကလည်း စစ်စားရိတ် တိုးတက်လာတဲ့ အခါ EAO တွေဟာ BGF ဘဝ ပြောင်းလဲရလိမ့်မယ်။

EAO တွေဟာ နောင်လာမယ့် အနှစ် ၅ နှစ်၊ အနှစ် ၅၀ ၊ ၇၅၊ ၁၀၀ အမျိုးသား စီးပွားရေး ရေးဆွဲ ဖူးကြပါသလား။ ( တာရှည်မခံ မမှန်ကန်တဲ့) ဘိန်း၊ မူးယစ်ဆေး၊ သယံဇာတ၊ လောင်းကစား မပါပဲ ရေးဆွဲကြည့်ပါလား။ ဟန်ပြ for show မဟုတ်ပဲ တကယ့် လက်တွေ့ ဘဝမှန်အတိုင်း အမျိုးဂုဏ် သိက္ခာ ရှေ့ရှူပြီး ရေရှည် တည်တံ့တဲ့ စီးပွားရေး ကို ရေးဆွဲကြည့်ပါ။

တိုင်းရင်းသား စာတတ် ပုဂ္ဂုလ် တွေလည်း EAO တွေဟာ အမျိုးသား စီးပွားရေး ကို တကယ် လုပ်နေတာလား ဆိုတာ အဲဒီလို National Economic Plan 2025, 2050 , 2075, 2100 ဆိုတဲ့ စာတမ်း (4 စုံ) တွေ ပြုစုတင်ပြထားသလား စစ်ဆေးကြည့်ပါ။ ဒါတွေ မရှိပဲ တော်လှန်ရေး လုပ်နေသလိုလို၊ ဒေသဖွ့ံဖြိုးရေး လုပ်နေသလိုလို နဲ့ ဂျင်းထည့်နေတာ အမျိုးသားအကျိုးစီးပွား မဟုတ်ဘူး။

EAO တွေ အနေနဲ့လည်း အမျိုးသားတို့ အနာဂတ်ကို စာရွက်ပေါ် စနစ်တကျ ရေးဆွဲကြည့်မှ အဖြေ ကို တွေ့ရပါလိမ့်မယ်။ လူ့အရင်းအမြစ် ရဲ့ အရေးပါမှု၊ ပြည်ထောင်စု ကုန်သွယ်စနစ် ၊ ဖက်ဒရယ် စီးပွားရေး မော်ဒယ်၊ နိုင်ငံတကာ ဈေးကွက် ဆိုတဲ့ အခြေခံတွေရှိတဲ့ အလင်းခေတ်ကို ဝင်ရောက်သင့်ပြီ



Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား