မင်းအောင်လှိုင်က Rule of law ဥပဒေ၏ အုပ်ချုပ်မှု ကို ထပ်မံ ချိုးဖျက်လိုက်ပြန်ပြီ။

မင်းအောင်လှိုင်က Rule of law ဥပဒေ၏ အုပ်ချုပ်မှု ကို ထပ်မံ ချိုးဖျက်လိုက်ပြန်ပြီ။
သူဆုပ်ကိုင်ထားပါတယ်ဆိုတဲ့ ၂၀၀၈ အခြေခံဥပဒေကို အကြိမ်ကြိမ် ချိုးဖောက်လိုက်ပြန်ပြီ။

အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲသည် နိုင်ငံတော်သမတ ဖြစ်ရမည်လို့ ၂၀၀၈ အခြေခံဥပဒေမှာ ပြဒါန်းထားပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့မှာ နိုင်ငံတော်သမတ၊ ဒု-သမတ၊ ပြည်ထောင်စုဝန်ကြီးများ၊  ပြည်ထောင်စုရှေ့နေချုပ် ဆိုပြီး ပြဒါန်းထားပါတယ်။




၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းတုံးက ဝန်ကြီးအပြောင်းအလဲ ကြေညာချက်ပဲထုတ်ပြန်ပြီး ပြည်ထောင်စုအစိုးရကို ပြင်ဆင်တာ မလုပ်ခဲ့ပါ။ အခုတော့ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲနေရာက နိုင်ငံတော်သမတကို ပယ်ဖျက်ပြီး ဝန်ကြီးချုပ်ရာထူးကို ဖန်တီးကာ အစားထိုးလိုက်ပါပြီ

၂၀၀၈ အခြေခံဥပဒေအောက်မှာ PR ရွေးကောက်ပွဲကို ဝင်ရောက်ဖို့ သိန်းစိုး အလိုကျ ဆောင်ရွက်နေတဲ့
နိုင်ငံရေးပါတီတွေအနေနဲ့ Rule of law ကို လေးစားပါသလား စစ်ဖိနပ်အောက်မှာ အသံတိတ်နေသလားဆိုတာ မှတ်ကျောက်တင်မှာပါ

ဥပဒေ တခုရဲ့ တရားခြင်း Justice ကို ထားပါဦး။ မတရားသော ဥပဒေ ၊ မိမိရေးသော ဥပဒေကိုတောင် ချိုးဖောက်တဲ့ Rule of law ဥပဒေ၏ အုပ်ချုပ်မှု မရှိတဲ့ မြန်မာစစ်တပ် ဆီက ဘာတွေ မျှော်လင့်နေသေးသလဲ EAO တို့ EP တို့

စကားမစပ် "ဝ" လို ကွန်ဖက်ဒရေးရှင်း လိုချင်တယ်၊ မွန်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးပါ ... ဆိုသူများအတွက် မအလက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတွေကို ဘယ်လိုများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားသလဲ တချက်ကြည့်တော်မူပါ။





၂၀၂၁ ဖေဖော်ဝါရီမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ တွေလည်း အာဏာသိမ်းခံရတာပဲ။ 

ကွန်ဖက်ဒရေးရှင်းပုံရိပ်ယောင်တွေက ထွက်ဖို့လိုပါပြီ၊ ဝကလည်း ခွဲမထွက်ပါလို့ အတန်တန် တရားဝင် ကြေညာပြီး ကတိပေးထားတဲ့ အတွက် ကွန်ဖက်ဒရေးရှင်း မဟုတ်တာ သေချာတဲ့ အပြင်၊ ပြည်နယ်အဆင့်ပင် မရသေးပါ။ 

 မွန်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးမယ်ထင်နေသူတွေလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ တွေပါ အာဏာသိမ်းခံရတဲ့ ဖြစ်ရပ်ကို ကြည့်ထားပါ။ ဗမာညာတယ်လို့ အပြစ်တင်ဖို့ ဂျင်း အတင်းစားကြတာ ညောင်နှစ်ပင်ညီလာခံမှာ လုံလောက်ပါပြီ။ တတုံးပြီး တတုံး ထပ်မစားကြပါနဲ့။

--
တရား ဥပဒေ စိုးမိုးမှု ဆိုတာ

(၁) တရားမျှတသော ဥပဒေ ဖြစ်ရမယ်။ တရားမျှတဖို့ ဆိုတာ အုပ်ချုပ်ခံမယ့် သူတွေက ရေးဆွဲတဲ့ ဥပဒေ ဖြစ်ရမယ်

(၂) အဲဒီ တရားသော ဥပဒေကို အုပ်ချုပ်သူရော အုပ်ချုပ်ခံရော လိုက်နာရမယ်

(၃) ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူး။ ကင်းလွတ်သူ ခြွင်းချက်မရှိရဘူး.. ဥပဒေက လူကို အုပ်ချုပ်တာ ဖြစ်တယ်။

မအလဟာ တရား ဥပဒေ စိုးမိုးမှု ကို ဖောက်ဖျက် အာဏာလုထားတဲ့ သူပုန် ဖြစ်တယ်။

ရခိုင်ဘုရင် မင်းထီးလက်ထက်မှာ အမတ်တွေက ကွမ်းစားပြီး လက်မှာ ပေနေတဲ့ ထုံးကြွင်းကို နန်းတော်တိုင်ကို သုတ်တယ်။ ဘုရင်မင်းထီးက ထုံးသုတ်သူ လက်ညိုးဖြတ်မယ် ဥပဒေ ထုတ်တယ်။ ( အဲဒီ ဥပဒေက မတရားဥပဒေပါ။ ထုံးသုတ်ရုံမျှနဲ့ လူ့ လက်ညိုးဖြတ်တာ မတရားပါ၊ အမတ်တွေက မကျေနပ်ပေမယ့် မပြောဝံ့ပါ။ ဘယ်သူမှ သဘောမတူပေမယ့် သက်ဦးဆံပိုင် ပဒေသရာဇ်အာဏာရှင် ခေတ်ဆိုတော့ မတတ်နိုင်)

တနေ့မှာ ဘုရင်မင်းထီးဟာ သူကိုယ်တိုင် မေ့လျော့ပြီး နန်းတော်တိုင်ကို ထုံးသုတ်မိတယ်... ပြီးမှ သတိဝင်တယ်။ မူးမတ်တွေက ဘုရင်ကို အရေးယူလို့လည်း မရတော့ ဘာမျှ မပြောကြပါဘူး။ ဒါပေမယ့် ဘုရင်မင်းထီးဟာ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ၊ ခြွင်းချက် ကင်းလွတ်သူမရှိစေရ ဆိုပြီး ... မိမိ လက်ညိုးကို သန်လျက်နဲ့ ဖြတ်လိုက်ပါတယ်။ ( ဘုရင် မင်းထီးဟာ မတရားတဲ့ ဥပဒေကို ထုတ်ပြန်သော်ငြားလည်း၊ rule of law ဥပဒေ စိုးမိုးမှုကို လိုက်နာတဲ့ စံနမူနာ ကို တွေ့ရပါမယ်။)

ဘုရင် မင်းထီးနေရာမှာ မအလတို့၊ ပူတင်တို့၊ ရှီကျင့်ဖျင်တို့ ဆိုရင် ...

ဥပဒေတွေကို ကျူးလွန်ဖို့ ကြံစည်နေရင် (သို့မဟုတ်) .. ကျူးလွန်ပြီးရင် .... ဥပဒေတွေကို ပြင်ပါလိမ့်မယ်။ ဥပဒေနဲ့ ဆန့်ကျင်နေလည်း " ဥပဒေနဲ့ အညီ "ဆိုပြီး အရှက်မဲ့စွာ Rule of Law ကို ဖောက်ဖျက်ပါလိမ့်မယ်။

" ရှင်ဘုရင်သည် အကြွင်းမဲ့ အာဏာပိုင်သည်။ အမျိုးသား နိုင်ငံရေး ဦးဆောင်သည်။ လိုအပ်လို့ ထုံးသုတ်ချင် သုတ်မယ် ။ xx ဖြစ်လား " ဆိုတဲ့ အချိိုး ချိုးပါမယ်။ မင်းစေ ဇော်မဲလုံးကလည်း တိုင် မဲနေလို့ ဖြူအောင် သုတ်တာလို့ ဖာပါလိမ့်မယ်...


 

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား